Live
Home
မေးမြန်းခန်း
“တနေ့တည်း လူ ငါးဆယ်၊ ခြောက်ဆယ် ကျဆုံးသွားတာဟာ အပြင်းထန်ဆုံး ဖိနှိပ်မှုပဲ” လှိုင်သာယာမှ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားနှင့် မေးမြန်းချက်
DVB
·
March 16, 2021

မတ်လ ၁၄ ရက်နေ့ ည ၁၀ နာရီခွဲ (လှိုင်သာယာတွင် သေနတ်ဖြင့်ပစ်ခတ်သဖြင့် လူအများအပြားသေဆုံးခဲ့သလို စစ်အုပ်ချုပ်ရေးကြေညာခဲ့) အခြေအနေမှ မတ် ၁၅ ရက်နေ့ည ဆယ်နာရီခန့်အထိ လှိုင်သာယာမြို့ တရက်တာအခြေအနေကို အဲဒီမြို့မှာရှိနေတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသား ကိုဉာဏ်လင်းနဲ့ ဆက်သွယ်မေးမြန်းပါတယ်။

မနေ့ည ဆယ်နာရီခွဲနောက်ပိုင်း ၈၆ မှာ အသံကြားတဲ့နေရာ ရမ်းပစ်နေတာပေါ့နော်။ အဲဒီမှာ ထပ်ပြီးတော့ ကျဆုံးတဲ့လူတွေရှိတယ်။ ညည့်နက်ပိုင်း ၁၁ နာရီခွဲ၊ ၁၂ နာရီလောက်မှာတော့ သေဆုံးမှုအရေအတွက်က ငါးဆယ်ကျော်၊ ခြောက်ဆယ်လောက် ရှိမယ်လို့ ဒီက အကုန်လုံး ခန့်မှန်းကြတယ်ပေါ့နော်။ ဒီနေ့လည်း အလောင်းတွေ ပြန်ထုတ်တဲ့အခါမှာ လှိုင်သာယာဆေးရုံမှာ အယောက် သုံးဆယ်ကျော်ကျော်လောက် ပြန်ထုတ်တာတွေ့ရတယ်။ နောက်ပြီးတော့ လှိုင်သာယာ က လူတွေက ရန်ကုန်ဆေးရုံကြီးရယ်၊ မြောက်ဥက္ကလာဆေးရုံတွေကိုရောက်တယ်။ အဲဒီမှာလည်း ဒဏ်ရာရတဲ့လူတွေထဲက ဒီနေ့ သေဆုံးသွားတဲ့လူတွေ ရှိတယ်ပေါ့နော်။ အားလုံးပေါင်း အယောက် ငါးဆယ်ကျော်ရှိတယ်လို့ကြားရတယ်။ အတိအကျတော့ ဘယ်သူမှမရသေးဘူးပေါ့နော်။ တချို့လည်း အလောင်းတွေကို အိမ်ပြန်သယ်သွားတာတွေရှိတယ်။ ဒီနေ့ကတော့  သုံးနာရီလောက်မှာပေါ့နော် ၁ ထိပ်ဘက်မှာ စစ်ကားတွေဝင်လာတယ်။ စစ်ကား ၅၆ စီးလောက် ၀င်လာတယ်လို့ပြောတယ်။ အဲဒီ ၁ ထိပ်ဘက်မှာ ထိုင်သပိတ်တွေမှာ ပစ်ခတ်မှုတွေရှိတယ်။ ပြီးတော့ ၂ ကြိမ်ပေါ့နော် သုံးနာရီ လောက်မှာ တကြိမ်၊ ညနေမှာ တကြိမ်ပစ်ခတ်မှုတွေရှိပြီးတော့ ၂ ယောက်သေသွားတယ်လို့ ကြားသိရတယ်။ အဲဒါက အွန်လိုင်းပေါ်လည်း သတင်းတွေ တက်နေပြီပေါ့နော်။ နောက်တခုက တပ်တွေက ဘယ်နေရာတွေမှာ တပ်စွဲထားလဲဆိုတော့ ၀မ်းတူးဖိုးပေါ့နော် အနော်ရထာလမ်းမ ပေါ်မှာရှိတယ်။ ၀မ်းတူးဖိုးမှတ်တိုင်နားမှာ၊ အမှတ် ၈ ကျောင်းထဲမှာ တပ်စွဲထားတယ်လို့သိရတယ်။ အခုလက်ရှိ အဲဒီမှာ စစ်ကား ၄၀ ကျော်တပ်စွဲထားတယ်။ ကျန်စစ်သားလမ်းမကြီး ရွှေလင်ပန်း အနီးမှာပေါ့နော် မီးသတ်နားမှာ စစ်ကားတွေ တပ်စွဲထားတယ်။ ရွှေလင်ပန်းစက်မှုဇုံထဲမှာလည်း တပ်စွဲထားတာရှိတယ်။ နောက်ပြီးတော့ ဇုံ ၁ ဖက်မှာလည်းတပ်စွဲထားတာရှိတယ်။ အခုဒီမှာ လမ်းတိုင်းလမ်းတိုင်းကတော့ အကုန်ပိတ်ဆို့မှုတွေ လုပ်ထားတယ်။ စစ်တပ်ဝင်လာတာကို ရပ်ကွက်တွေက လက်မခံနိုင်လို့ ပိတ်ဆို့မှုတွေ လုပ်ထားတယ်။

လှိုင်သာယာအပြင် ဆက်စပ်မြို့တွေဖြစ်တဲ့ ရွှေပြည်သာ၊ အင်းစိန်ဘက် ဘာကြားသေးလဲ။

ဒီကနေ့ ကြည့်မြင်တိုင်မှာလားမသိဘူး နည်းနည်းအသေအပျောက်ရှိတယ်လို့ကြားရတယ်။ သမိုင်းမှာ ပစ်ခတ်မှုတွေရှိတယ်။ ဘုရင့်နောင်ဂုံးတံတားအောက်မှာ ပစ်ခတ်နေတာတွေ့ရတယ်။ တာယာတွေ ကို မီးရှို့ထားတာတွေ့ရတယ်။ အဓိက တာယာတွေကို မီးရှို့တာကတော့ နှစ်ဘက်စလုံးက ရှို့တာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ စနိုက်ပါသမားတွေ မြင်ကွင်းကွယ်အောင်ဆိုပြီးတော့ မီးရှို့တာရှိတယ်။ စစ်တပ်ကလည်း အတားအဆီးတွေကို ဖျက်တဲ့အနေနဲ့ မီးရှို့တာရှိတယ်။ အဲဒါကတော့ သမိုင်းခုံးတံတားအောက်မှာ။ နောက်တခုက အင်းစိန်ဘက်မှာလည်း ပစ်ခတ်မှုတွေရှိတယ်လို့ ကြားတယ်၊ သူက လှိုင်သာယာကို ကူတဲ့အနေနဲ့ သူတို့ပိတ်ဆို့မှုတွေလုပ်တာမှာ အဲဒီမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေရှိတယ်။ အဲဒီမှာလည်း ပစ်ခတ်မှုတွေရှိတယ်လို့ ကြားရတယ်။ အခုလှိုင်သာယာထဲမှာကတော့ ထွက်ပေါက်တွေက ဘုရင့်နောင်လမ်းဘက်က ထွက်လို့ရတယ်၊ ဒါပေမယ့် ကားတွေအသွားအလာကတော့ သွားဖို့ အဆင်မပြေဘူး။ လူတွေနဲ့ ဆိုင်ကယ်တွေနဲ့တော့ သွားလို့ရတယ်။ တချို့နေရာတွေက သွားလို့မရဘူး။ ဘုရင်နောင်တံတားမှာတော့ သွားနေတာ တွေ့ရတယ်။ အဆောင်နေတဲ့လူတွေ၊ အလုပ်သမားတွေကတော့ လုပ်ငန်းတွေ ရပ်စဲသွားတာကြောင့်လည်း ပါတယ်၊ နောက်ပြီးတော့ နယ်ကလူတွေက စိုးရိမ်တော့ မိသားစုတွေ စုစုစည်းစည်းနေကြဖို့ဆုံးဖြတ်တာတွေကြောင့်လည်းပါတယ်ပေါ့နော် နယ်တွေကို တော်တော်များများပြန်ကြတာကိုတွေ့ရတယ်။

လှိုင်သာယာမှာ သောက်ရေတို့၊ စားစရာတို့အခြေအနေဘယ်လိုရှိလဲ။

သောက်ရေကတော့ လှိုင်သာယာက နဂိုတည်းက အဝီစိတွင်းရေက သောက်သုံးလို့ မရဘူး။ ရေသန့်တို့၊ ချိုးဖြူပိုက်ကရေတွေရှိတယ်။ ပုံမှန်ရေဖြန့်ဖြူးတာတွေကလည်း ရှိပါတယ်။ ရှိတော့ လမ်းတွေပိတ်ဆို့ထားပေမယ့် သူတို့ အတားအဆီးတွေကျော်ပြီး ပုံမှန်ရေဖြန့်ဖြူးနေတာတွေ့ရတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံး စစ်အုပ်ချုပ်ရေးကြေညာခံရတဲ့ လှိုင်သာယာမြို့မှာ ဒေသခံပြည်သူတွေရဲ့ အနေအထားက ဘယ်လိုရှိလဲ။ အုုပ်ချုပ်ရေးပိုင်းနဲ့ရော တင်းမာမှုအခြေအနေက ဘယ်လိုခန့်မှန်းသုံးသပ်နိုင်မလဲ။

လှိုင်သာယာပြည်သူတွေကတော့ ဒါ ဆုံးဖြတ်ချက် ကျသွားတာပေါ့နော်။ စစ်အုပ်ချုပ်ရေးကို အပြင်းအထန် ခုခံရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကျပြီးသားဖြစ်သွားတယ်ပေါ့နော်။ ဒီမှာကလည်း ပထမဦးဆုံး လှိုင်သာယာမြေမှာ ရက်ရက်စက်စက် လှိုင်သာယာမြေမှာ ဒုတိယအကြိမ် ပစ်ခတ်တဲ့အထဲမှာ ပစ်ပြီးဝင်သလို ဖြစ်တယ်ပေါ့နော်။ နောက်ပြီးတော့ ထင်သလို ရိုင်းရိုင်းစိုင်းစိုင်းလုပ်တဲ့အနေအထားဖြစ်သွားတော့ တနေ့တည်း လူ ငါးဆယ်၊ ခြောက်ဆယ် ကျဆုံးသွားတယ်ဆိုတဲ့ပုံစံက ဒါဟာ အပြင်းထန်ဆုံး ဖိနှိပ်မှုပါပဲ။ အဲဒီအခါကျတော့ လှိုင်သာယာပြည်သူတွေကတော့ စစ်အုပ်ချုပ်ရေးအုပ်ချုပ်မှုကို လုံးဝ လက်မခံဘဲနဲ့ အပြင်းအထန်ခုခံသွားမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကတော့ ကျနေပါပြီ။ အဲဒီတော့ လမ်းတိုင်း၊ လမ်းတိုင်းမှာ ပြန်လည်ခုခံနိုင်ဖို့ ပြင်ဆင်နေတာတွေ ကျနော်တို့ တွေ့ရတယ်။ပြန်ပြီးခုခံဖို့ အားလုံးက အသင့်အနေအထားမှာ ရှိပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024