မကွေးတိုင်း ချောက်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးအတွင်း ကျဆုံးသွားတဲ့ ကိုဝင်းဖြိုးအောင်ရဲ့ဈာပနကို ဒီနေ့ မတ်လ ၁၄ ရက် ညနေက မြေနီကုန်းရပ်ရှိ သုသာန်မှာ သင်္ဂြိုဟ်လိုက်ပါတယ်။
သူ့ရဲ့ဈာပနကို ဒေသခံ ၅၀၀၀ ကျော်က လာရောက်ပို့ဆောင်ပေခဲ့ပြီး စစ်အာဏာရှင်အလိုမရှိ ကြောင်း လက်သုံးချောင်းထောင် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
အမှတ် ၆ ၊ ရွှေသူဌေးရပ်နေ အသက် ၄၁ နှစ်အရွယ် ကိုဝင်းဖြိုးအောင်ဟာ မတ်လ ၁၃ ရက် နေ့လည်ပိုင်းက ချောက်မြို့ အမှတ် ၁၅၊ ရတနာအိုင့်ရပ်မှာ ရဲတပ်ဖွဲက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ကျဆုံးသွားတာဖြစ်ပါတယ်။
မတ်လ ၁၃ ရက်နေ့က မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့နဲ့ မြို့နယ်ရဲတပ်ဖွဲ့က ချောက်မြို့ အဓိက လမ်းမတွေနဲ့ ရပ်ကွက်တချို့ရှိ လမ်းတွေထဲ ဝင်ရောက်ကာ မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျဉ်တွေ၊ ကျည်အစစ်တွေနဲ့ အကြမ်းဖက်ပစ်ခတ်ခဲ့ရာမှာ ကိုဝင်းဖြိုးအောင်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ ယောက် ထက်မနည်းရှိခဲ့ပါတယ်။