မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ချုံကြီး(ခ)သာယာကြီးရွာမှာ မနေ့ညက စစ်တပ်က ကျည်အစစ်၊ ရာဘာကျည်တွေ အသုံးပြုပြီး အချက် ၈၀ လောက် ပစ်ခတ်ခဲ့တာကြောင့် ရွာသား ၅ ဦး ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ၅ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။
မတ်လ ၁၃ ရက်နေ့ မနေ့ည ၈ နာရီလောက်က စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်နေစဥ် တပ်မတော်ထောက်ခံသူတစ်ဦးက လူအုပ်ထဲကို ဆိုင်ကယ်နဲ့ နောက်ကနေ ဝင်တိုက်ခဲ့တယ်လို့ ဆန္ဒပြ ကျေးရွာသားတဦးက ပြောပါတယ်။
ဆိုင်ကယ်နဲ့ ဝင်တိုက်တဲ့သူဟာ စစ်ကောင်စီကနေ ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး အိမ်ထဲကို ဝင်ရောက် တိမ်းရှောင်ခဲ့တယ်လို့ ဆိုပါတယ်။
ရွာခံလူထုက ဆိုင်ကယ်နဲ့ တိုက်သူကို ထုတ်ပေးဖို့ တောင်းဆိုပေမယ့် အုပ်ချုပ်ရေးမှူးက ထုတ်မပေးတာကြောင့် အုပ်ချုပ်ရေးမှူးအိမ်ကို လူထုက ဝိုင်းရံခဲ့ကြတယ်လို့ ကျေးရွာသားတဦးက ပြောပါတယ်။
ဒီနောက် အုပ်ချုပ်ရေးမှူးကနေ တောင်သာမြို့ပေါ်မှာရှိတဲ့ စစ်တပ်ကို အကြောင်းကြားခဲ့တာကြောင့် ည ၉ နာရီခွဲအချိန်မှာ စစ်ကားတွေနဲ့ စစ်သားတွေ ရောက်ရှိလာခဲ့ပြီး ရွာထဲဝင် ပစ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။