မြန်မာ အာဆီယံဥက္ကဋ္ဌ ဖြစ်ပါ့မလား
ရွှေအောင်
·
October 19, 2013
၂၀၁၃ ခုနှစ်-အောက်တိုဘာ ၁၀ရက်၊ ကြာသပတေးနေ့ဟာ မြန်မာနိုင်ငံအတွက် သမိုင်းဝင်နေ့တနေ့ ဖြစ်ခဲ့ပါတယ်။ ၁၇ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ အရှေတောင်အာရှ နိုင်ငံများအသင်း အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို မြန်မာရယူနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလကစပြီး မြန်မာဟာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူရမှာဖြစ်ပါတယ်။
"ကြွယ်ဝချမ်းသာပြီး ငြိမ်းချမ်းသော အသိုက်အ၀န်းဆီသို့ တူညီတက်လှမ်းဖို့" ဆိုတဲ့ ဆောင်ပုဒ်နဲ့ ဥက္ကဋ္ဌတာဝန်ယူမယ်လို့ မြန်မာက ဆိုခဲ့ပါတယ်။
၂၀၀၆ ခုနှစ် မြန်မာအလှည့်ကျတုန်းက နိုင်ငံရေး၊ လူ့အခွင့်အရေးကိစ္စတွေနဲ့ ဝေဖန်မှုတွေ ပြင်းထန်ခဲ့လို့ ဥက္ကဋ္ဌတာဝန်ကို လက်လွှတ်ခဲ့ရပါတယ်။
အခု ၂၀၁၄ ဥက္ကဋ္ဌတာဝန်ယူဖို့ လွှဲပြောင်းယူချိန်မှာလဲ တိုင်းရင်းသားဒေသတွေက လူ့အခွင့်အရေးနဲ့၊ ပြည်တွင်းပဋိပက္ခတွေကြောင့် ဝေဖန်မှုတွေက ရှိနေတုန်း ဖြစ်ပါတယ်။
ဦးစားပေးကိစ္စ ၇ ခု
အထူးသဖြင့် ပြည်တွင်းစစ်၊ ပြီးတော့ ပြည်တွင်းပဋိပက္ခတွေ၊ ဒါတွေက အာဆီယံဥက္ကဋ္ဌ တာဝန်ယူတုန်း တိုင်းပြည်ကို နာမည်ပျက်စေမယ့် ကိစ္စရပ်တွေ ဖြစ်လာနိုင်ပါတယ်။ သမ္မတဦးသိန်းစိန်ကလည်း ပြောပါတယ်။ အာဆီယံဥက္ကဋ္ဌယူပြီး ဆိုင်ရာအစည်းအဝေးတွေ အောင်အောင်မြင်မြင်လုပ်နိုင်အောင် နိုင်ငံသားအားလုံး ရဟန်းရှင်လူ ပြည်သူအားလုံးက ကိုယ့်တိုင်းပြည်မှာ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြစ်နေဖို့ ထိန်းသိမ်းဆောင်ရွက်ကြရပါမယ်။
တခါ သမ္မတ ဦးသိန်းစိန်က အာဆီယံဥက္ကဋ္ဌ တာဝန်ယူတုန်း ကိစ္စ ၇ ခု အဓိက ဦးစားပေးလုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။
အထူးသဖြင့်တော့ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကိစ္စတွေ၊ သဘာဝပတ်ဝန်းကျင်ဘေးဒုက္ခကိစ္စ၊ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးကိစ္စ၊ နိုင်ငံဖြတ်ကျော်မှုခင်း ကိစ္စ၊ ရွှေ့ပြောင်းအလုပ်သမားတွေအရေးနဲ့ မူယစ်ဆေးဝါးကိစ္စ စတဲ့ကိစ္စရပ်တွေကို ကြည့်လိုက်ရင် မြန်မာက အတော်လေး ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတာ တွေ့ရပါတယ်။ စားနပ်ရိက္ခာ၊ စွမ်းအင်ဖူလုံရေး၊ လူ့အခွင့်အရေး ဒါတွေလည်း လုပ်သွားမယ်ပြောတော့ ဒီကိစ္စတွေ တော်တော်များများမှာ မြန်မာက အတော်နောက်ကျနေလေတော့ အတော်ကို တွန်းလုပ်မှ ရနိုင်မယ် ဖြစ်ပါတယ်။
မြန်မာကိုင်စွဲမယ့် ကြွယ်ဝ ချမ်းသာ ငြိမ်းချမ်းဆိုတဲ့အချက်တွေ မြန်မာပြည်မှာ မရှိသေးတာကြောင့် ဘယ်လောက် တွန်းလုပ်ရမယ်ဆိုတာ မှန်းဆကြည့်လို့ ရပါတယ်။
ရာသီဥတု တခုပဲ ကြည့်ကြရအောင်
ဒီနေရာမှာ ရာသီဥတုပြောင်းလဲခြင်းဆိုတဲ့ကိစ္စတရပ်ကို အထူးပြုကြည့်ကြရအောင်ပါ။
၂၁ ရာစုအကုန် အပူချိန်မြင့်တက်နှိုင်မှု ခန့်မှန်းချက်အရ မြန်မာနိုင်ငံတွင် ပျမ်းမျှအပူချိန် ဒီဂရီ စင်တီဂရိတ် မြင့်တက်နိုင်ပြီး အပူချိန်မြင့်တက်မှုမှာ အရှေ့တောင်အာရှ နိုင်ငံများတွင် မြန်မာနိုင်ငံဟာ အဆိုးဝါးဆုံးဖြစ်နေတယ်။ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရေးကိုလည်း ရာသီဥတုပြောင်းလဲမှုကြောင့် အောင်မြင်ရန် နည်းလမ်းများကိုလည်း များစွာ အနှောင့်အယှက်ဖြစ်စေကာ နှောင့်နှေးစေလျက်ရှိနေတယ်။
ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ ရာသီဥတုပြောင်းလဲခြင်းကို ခုခံကာကွယ်ရေးအတွက် မဖြစ်မနေလိုအပ်သော အခြေခံအဆောက်အအုံ (Basic Infrastructure) များဖြစ်ကြတဲ့ နိုင်ငံတော် အဆင့်ဖြင့် လေ့လာရေးသုတေသန အဖွဲ့များ ဖွဲ့စည်းခြင်း၊ အခြေခံ ကျင့်သုံးရမည့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ စည်းမျဉ်း၊ ဥပဒေ၊ စည်းကမ်း ကျင့်ထုံး စသည့်ကဏ္ဍတွင် တစုံတခုကို ပြဋ္ဌာန်းနှိုင်မှုမရှိသေးခြင်း၊ ရာသီဥတုပညာရှင်များ မမွေးထုတ်နိုင်သေးခြင်း၊ နိုင်ငံတော်မှ ဦးဆောင်မှုကဏ္ဍအားနည်းခြင်း၊ အများအားဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲခြင်းကို ကွဲကွဲပြားပြားမသိကြဘဲ ရောထွေး ထင်မှတ်နေကြခြင်း၊ နိုင်ငံတော်မှ ပြဋ္ဌာန်းထားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေတွင် ရာသီဥတုပြောင်းလဲခြင်း အခန်းကဏ္ဍ ပီပီပြင်ပြင် မပါရှိသေးခြင်း စသည့် အားနည်းချက်များ များစွာရှိနေပါတယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က အောက်တိုဘာ ၆ ရက်၊ တော်ဝင်နှင်းဆီမှာလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ စည်းဝေးပွဲမှာ ပြောခဲ့တာ ပူပူနွေးနွေး ရှိပါသေးတယ်။
ပဋိပက္ခတွေ အဆုံးသတ်ဖို့လို
သမ္မတပြောခဲ့တဲ့ ကိစ္စရပ်တွေ အလေးထားလုပ်နိုင်ဖို့က စောစောက ပြောခဲ့သလို ပြည်တွင်းစစ်မီးငြိမ်းဖို့၊ နိုင်ငံထဲ တရားဥပဒေစိုးမိုးဖို့ လိုပါမယ်။ ဥက္ကဋ္ဌ တာဝန်ယူမယ့်နိုင်ငံက နိုင်ငံထဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေမယ်၊ တရားဥပဒေစိုးမိုးမှုမရှိဘူးဆိုရင် ဥက္ကဋ္ဌတာဝန်ယူတုန်း အရှက်တကွဲအကျိုးနဲ ဖြစ်ရပ်တွေနဲ့ ကြုံတွေ့လာနိုင်ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း မြန်မာနိုင်ငံဘက်က သွေးထွက်သံယို ပဋိပက္ခတွေ အဆုံးသတ်အောင်လုပ်ဖို့ လိုတယ်လို့ မြန်မာ အာဆီယံဥက္ကဋ္ဌတာဝန် လွှဲပြောင်းယူချိန်မှာ ပြောသွားခဲ့ပါတယ်။
အာဆီယံမှာ ဒေသတွင်းလုံခြုံရေးနဲ့ တည်ငြိမ်ရေးဆိုတဲ့ မူဝါဒရှိတယ်။ ဒါဟာ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ အာဆီယံပူးပေါင်းဆောင်ရွက်ရေး ရှုထောင့်သစ် ဖြစ်တယ်။
မကြာသေးခင်က အာဆီယံက ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေး institute ကို ထူထောင်ခဲ့ပါတယ်။ မြန်မာအနေနဲ့ ဒီ institute ကို အသုံးပြုပြီး လူနည်းစုရေးရာနဲ့ လူမျိုးရေးပဋိပက္ခတွေကို စနစ်တကျလေ့လာပြီး အကြံဥာဏ်ယူပြီး လေ့လာရမှာ ဖြစ်တယ်လို့ အာဆီယံသတင်းစာဆရာ Mr Kaviက ဒီဗွီဘီသတင်းဌာနနဲ့ အင်တာဗျုးတခုမှာ ပြောသွားခဲ့တာကလည်း စိတ်ဝင်စားစရာပါ။
အာဆီယံနဲ့ မီဒီယာ
Mr Kavi ပြောသွားတဲ့ထဲ မီဒီယာကဏ္ဍလည်း အရေးပါတယ်လို့ ဆိုပါတယ်။ မြန်မာမီဒီယာတွေဟာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ရမှာ ဖြစ်ပါတယ်။
အာဆီယံထဲက မြန်မာအခန်းကဏ္ဍကို ပြည်သူတွေသိအောင် ရေးသားထုတ်လွှင့်မှုတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒုတိယအနေနဲ့ အာဆီယံနိုင်ငံတွေထဲက အရေးကြီးတဲ့ အကြောင်းအရာတွေဖြစ်တဲ့ ဥပမာ – စီးပွားရေး ပူးပေါင်းဆောင်ရွက်လုပ်ကိုင်မှုတွေ၊ ငြိမ်းချမ်းရေးအတွက် ကာကွယ်လုပ်ဆောင်မှုတွေ၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ ကာကွယ်လုပ်ဆောင်မှုတွေကို သာမန်ပြည်သူလူထုတွေ နားလည်အောင် ရှင်းပြရမှာ ဖြစ်ပါတယ်။ ၁၉၉၇ ကတည်းက မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် ဖြစ်လာပေမယ့် နိုင်ငံတကာက လက်ခံမှု မရှိခဲ့တဲ့အပေါ် ဒေသတွင်းနဲ့ နိုင်ငံတကာမှာ အာဆီယံ ဘာတွေလုပ်ဆောင်ခဲ့လဲဆိုတာ ပြည်သူတွေ သိအောင် လုပ်ဖို့ လိုပါတယ်။
ရာနဲ့ချီတဲ့ အာဆီယံအစည်းအဝေးတွေ
နောက်တပိုင်းက အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန်အတွင်း အာဆီယံထိပ်သီး အစည်းအဝေးတွေ အပါအ၀င် အစည်းအဝေးတွေ ရာနဲ့ချီ လက်ခံကျင်းပရမှာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ လူမှုစီးပွားအကြံပေးပုဂ္ဂိုလ် ဦးတင်ထွဋ်ဦးကတော့ ဆိုင်ရာဌာနတွေမှာ ကော်မတီတွေဖွဲ့ပြီး တနှစ်ကျော် ကြိုတင်ပြင်ဆင်ထားတာမို့ ဒီအစည်းအဝေးတွေ လက်ခံကျင်းပနိုင်ပါတယ်။ ပြောဆိုဆွေးနွေးနိုင်တဲ့ အတွေ့အကြုံရှိတဲ့ ၀န်ထမ်းတွေလည်း ရှိပါတယ်။ လာအိုနဲ့ကမ္ဘောဒီးယားနိုင်တွေတောင် ဥက္ကဋ္ဌတာဝန်ယူ လုပ်ဖူးခဲ့တာပဲ၊ မလုပ်နိုင်စရာ အကြောင်းမရှိပါဘူးလို့ ပြောပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကလည်း အာဆီယံဥက္ကဋ္ဌတာဝန်ယူဖို့ အခြေခံအဆောက်အအုံတွေ ပြီးစီးသလောက် ရှိနေပါပြီလို့ အေပီသတင်းဌာနကို ပြောခဲ့တာ ဖတ်လိုက်ရပါတယ်။
အခုတော့ ဟိုနားပေါက် ဒီနားပေါက်
လတ်တလောတော့ အာဆီယံဥက္ကဋ္ဌတာဝန်လွှဲပြောင်းယူပြီး ရက်ပိုင်းအတွင်း ဟိုနားပေါက်ကွဲမှုဖြစ်၊ ဒီနားပါက်ကွဲမှုဖြစ်နဲ့ သွေးထွက်သံယို သေကျေကြတာတွေ ဆက်တိုက်ဖြစ်လာတာ တွေ့ရပါတယ်။ ရန်ကုန်မှာ လုံခြုံရေးအထူးတိုးမြှင့်လိုက်တဲ့ သတင်းလည်း ထွက်လာပါတယ်။ အရင်ခေတ်ကတော့ အခုလို ပေါက်ကွဲမှုတွေဖြစ်ပြီး များမကြာခင် ကေအန်ယူ၊ ကေအိုင်အေ၊ အေဘီအက်စ်ဒီအက်ဖ် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ တဖွဲ့ဖွဲ့ လက်ချက်ဖြစ်တယ်ဆိုပြီး သတင်းထွက်လာလေ့ရှိပါတယ်။ အခုတော့ အဲ့ဒီအဖွဲ့တွေ တော်တော်များများနဲ့ အပစ်ရပ်လက်မှတ်ထိုးပြီးလို့ ရွှေလမ်းငွေလမ်းတွေတောင် ပေါက်နေကြပြီဆိုတော့ ဘယ်အဖွဲ့ လက်ချက်ဖြစ်တယ် ပြောမလဲ စောင့်ကြည့်လိုက်ပါဦးမယ်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်မယူခင် ရန်မီးအပေါင်းငြိမ်းပြီး အေးစေကြောင်းလည်း ဆန္ဒပြုလိုက်ပါတယ်။
(ရန်ကုန်တိုင်းမ်မှ ပြန်လည်ကူးယူဖော်ပြသည်)