မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ် ၄၁ လမ်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျည်ဆန်ထိကျဆုံးခဲ့သူ ၂ ဦးရဲ့ ဈာပနကို ဒီနေ့ ကျင်းပခဲ့ပါတယ်။
စစ်တပ်နဲ့ ရဲ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တဲ့ ကိုမင်းမင်းထွန်း(ခ)မျိုးမင်းထက် (၃၅-နှစ်)ရဲ့ နာရေးကို ဒီနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ် ကိုရဲဆွေဦးရဲ့ စျာပနကိုတော့ ဒီနေ့ မွန်းတည့် ၁၂ နာရီက ပြုလုပ်ခဲ့ပြီး တောင်အင်းမြောက်အင်း သုသာန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။
သေဆုံးသူ ကိုရဲဆွေဦးဟာ မတ်လ ၁၃ ရက်နေ့ကဖြစ်တဲ့ အကြမ်းဖက်ဖြိုခွင်းမှုဖြစ်စဉ်မှာ ဆန္ဒပြတဲ့အထဲ ပါဝင်ခဲ့ပြီး အ.ထ.က (၂၄) ကျောင်းအနီးမှာ နောက်ကျောကို သေနတ်မှန် သေဆုံးခဲ့တာပါ။ သေဆုံးချိန်မှာ ဇနီးနဲ့ အသက် ၇ နှစ်အရွယ် သမီးလေးတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။
မန္တလေးမြို့ စိန်ပန်းရပ်မှ ၄၁ လမ်းအနီးမှာ မတ်လ ၁၃ ရက်နေ့က စစ်အာဏာသိမ်း ဆန့်ကျင်ရေး သပိတ်ပေါင်းစုံ ထိုင်သပိတ်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်မှုကြောင့် အနည်းဆုံး ၆ ဦး ကျဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Photo - Myo Thiha Kyaw / MPA