ပြည်သူများ ဆက်သွယ်အကြံပြုနိုင်ရန် အစိုးရ လိပ်စာထုတ်ပြန်
ရွှေအောင်
·
October 19, 2013
ပြည်သူတွေက အစိုးရဌာနတွေထံ ဆက်သွယ်အကြံပြုနိုင်ဖို့ အစိုးရအဖွဲ့ ဆပ်ကော်မတီ ၂၇ ခုရဲ့ ဆက်သွယ်ရမယ့်လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို ထုတ်ပြန်လိုက်ပါတယ်။
အစိုးရဌာနဆိုင်ရာတွေရဲ့ လုပ်ငန်းလုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အကြံပြုလိုသူ ပြည်သူတွေဟာ ဆပ်ကော်မတီတွေထံ ဆက်သွယ်အကြံပြုလာကြရင် ဆပ်ကော်မတီတွေက လက်ခံညှိနှိုင်းပေါင်းစပ်ဖြေရှင်း ပြန်ကြားပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆပ်ကော်မတီ ၂၇ ခုထဲက တခုဖြစ်တဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ဟိုတယ်ခရီးဒုဝန်ကြီး ဒေါက်တာတင်ရွှေကို ဘယ်လို အကြောင်းရပ်တွေ ဆက်သွယ် အကြံပြုနိုင်သလဲလို့ မေးမြန်းရာမှာ အခုလိုပြောပါတယ်။
“ကောင်းတဲ့ကိစ္စတွေရှိတယ်။ ဆိုးတဲ့ကိစ္စတွေ ရှိတယ်။ ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေဖို့ ဘယ်လိုအကြံတွေ ပေးချင်သလဲ၊ ပေးချင်တာတွေကို အချက်ကလေးတွေနဲ့ ပြောလိုက်ရင် မှတ်တမ်းပြုထားရမှာပေါ့။ ခရီးသွားလုပ်ငန်းအနေနဲ့ ဘာတွေကို မလုပ်သင့်ဘူးဆိုတဲ့ အပိုင်းတွေရှိရင်လည်း မလုပ်သင့်ဘူးဆိုတဲ့ အကြောင်းအရာတွေကို ခိုင်လုံစွာနဲ့ စေတနာနဲ့ အကြံပြုတာကိုး။ အဲဒါလေးတွေ တင်ပြနိုင်ပါတယ်။ ကျနော်တို့ကလည်း ပြုပြင်သင့်တဲ့ဟာတွေကို ပြုပြင်သွားပါမယ်။”
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ရာမှာ ပိုမိုလျင်မြန်ထိရောက်အောင် ရည်ရွက်ပြီး ဆပ်ကော်မတီတွေ ဖွဲ့စည်းဆောင်ရွက်နေတာလို့ အစိုးရက ကြေညာထားပါတယ်။
ဒီလို ဆပ်ကော်မတီမျိုးတွေကို ဗြိတိန်နဲ့ မလေးရှား စတဲ့နိုင်ငံတချို့မှာ ဖွဲ့စည်းလုပ်ကိုင်ဖူးပြီး အောင်မြင်တဲ့ သာဓကရှိဖူးတယ်လို့ ထိုင်းအခြေစိုက်၊ ဗဟုဖွံ့ဖြိုးရေးအဖွဲ့ဝင် ဦးအောင်သူငြိမ်းက ပြောပါတယ်။
ပြည်သူတွေရဲ့ အကြံပြုချက်တွေပေးပို့ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက ကူညီလုပ်ကိုင်ပေးရင် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
“လူတွေက တိုင်တာလောက်ပဲ ရှိဦးမယ်။ မူဝါဒရေးဆွဲချမှတ်ရေး ကိစ္စမျိုးတွေမှာတော့ အတွေ့အကြုံနည်းပါလိမ့်မယ်။ အရေးကြီးတာက အရပ်ဘက် လူမှုအဖွဲ့အစည်းတွေပေါ။ တချို့အဖွဲ့တွေက လယ်ယာကိစ္စလုပ်နေတယ်၊ တချို့အဖွဲ့တွေက အရေးကိစ္စပေါင်းစုံ လှုပ်ရှားနေတာ ရှိပါတယ်။ ဒီအဖွဲ့တွေက သူတို့ရဲ့ မူဝါဒပိုင်း အကြံပေးချက်တွေက ပိုအရေးကြီးလာမယ်ထင်တယ်။ ဘာလို့ဆိုတော့ တိုက်ရိုက် ပြည်သူကနေ ပူးပေါင်းပါဝင်နိုင်တဲ့ အခွင့်အရေး လောလောဆယ် အခက်အခဲ ရှိဦးမယ်။ အရပ်ဘက်အဖွဲ့တွေက လူတွေကို စည်းရုံး၊ လူတွေရဲ့ အသံကို ထင်ဟပ်ပြီး မူဝါဒတွေထဲ ပါနိုင်အောင် လုပ်ပေးရင်တော့ ကောင်းပါတယ်။”
အစိုးရအဖွဲ့ ဆပ်ကော်မတီတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလထဲ သမ္မတဦးသိန်းစိန်က ဖွဲ့စည်း တာဝန်ပေးခဲ့တာပါ။ ဆပ်ကော်မတီတွေအနေနဲ့ ပြည်သူတွေရဲ့ တင်ပြချက်တွေကို ဆိုင်ရာဝန်ကြီးထံ တင်ပြ၊ သမ္မတအနေနဲ့လည်း ချက်ချင်းလမ်းညွှန်စရာရှိတာ လမ်းညွှန်ပြီး ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ပြီးရင် အချို့ကိစ္စရပ်တွေ ပြည်သူသိအောင် ထုတ်ပြန်ကြေညာပေးရ မှာ ဖြစ်ပါတယ်။