Home
မြန်မာသတင်း
ပိုလန်ဂျာနယ်လစ် ၁ ဦးကို မြန်မာစစ်တပ်က တောင်ကြီးမြို့တွင် ဖမ်းဆီး
DVB
·
March 12, 2021

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ  ပိုလန်နိုင်ငံသား ဂျာနယ်လစ်တယောက်ကို အာဏာသိမ်းမြန်မာစစ်တပ်က မတ် ၁၁ ရက် နေ့ လည်ပိုင်းက  ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ဂျာနယ်လစ် ရောဘတ်ဘိုရှာဂါဟာ CNN၊ The Diplomat နဲ့ Deutsche Welle သတင်းဌာနတွေအတွက် အလုပ်လုပ်နေ သူတယောက်ဖြစ်ပြီး လက်ရှိအချိန်ထိ ဘယ်မှာဖမ်းဆီးထားတယ်ဆိုတဲ့ အခြေအနေတွေကို မသိနိုင်သေးဘူးလို့ Myanmar Mix ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားတာပါ။

သျှမ်းသံတော်ဆင့်သတင်းမှာတော့ ပိုလန်နိုင်ငံသား ဓာတ်ပုံသတင်းထောက်ဟာ တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက်ထဲမှာ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒထုတ်ဖော်နေကြတဲ့ လူငယ်သပိတ်စစ်ကြောင်းကို ဓာတ်ပုံလိုက်လံရိုက်နေစဉ် နေ့လည် ၁၂ နာရီကျော် လောက်မှာ စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့က ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

ဂျာမန်သတင်းအေဂျင်စီ DPA ရဲ့ အယ်ဒီတာချုပ် ဆဗန်ဂိုးစ်မန်းက “ရောဘတ် ဘိုရှာဂါကို ဖမ်းဆီးပြီးတော့ ပြောင်ပြောင်တင်းတင်း မတရားပြုကျင့်တာမျိုးကို ကျနော်တို့ အနေနဲ့ အလွန်အမင်း အံ့ဩရပါတယ်။ ကျနော်တို့ လုပ်ဖော်ကိုင်ဘက်တွေရဲ့ ကံကြမ္မာအတွက်လည်း အရမ်းကို စိုးရိမ်စိတ်ပူပန်နေပါတယ်” လို့ ပြောပါတယ်။

ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ခုလိုထိန်းသိမ်းခံရတဲ့အပေါ် ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။

“ဘန်ကောက်မှာ ရှိနေတဲ့ ပိုလန်ကောင်စစ်ဝန်အနေနဲ့ မြန်မာနိုင်ငံထဲက ဂျာမန် ကောင်စစ်ဝန်နဲ့ ပူးပေါင်းပြီး ဒီဖြစ်ရပ်ကို အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ဂျာမနီအနေနဲ့ ဥရောပသမဂ္ဂ(အီးယူ)ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ပိုလန်နိုင်ငံသားတွေကို အကူ အညီပေးသွားမှာဖြစ်ပြီး ထိန်းသိမ်းခံထားရသူနဲ့ ပတ်သက်တဲ့ ကျန်းမာရေး၊ ဥပဒေရေးရာ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း သတင်းအချက်အလက်တွေ ရရှိနိုင်ဖို့ စဉ် ဆက်မပြတ်လုပ်ဆောင်နေပါတယ်”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်း ဆီးခေါ်ဆောင်သွားခဲ့ပြီး အာဏာသိမ်းလိုက်ပြီးတဲ့နောက် စစ်အာဏာသိမ်းမှု ဆန့်ကျင် ရေး လူထုဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ ပြုလုပ်နေကြတာပါ။

ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို   စစ်တပ်နဲ့ရဲလက်နက်ကိုင်တပ်ဖွဲ့တွေက အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၇၀ ကျော်ရှိနေပြီဖြစ်ပြီး ထောင်နဲ့ချီတဲ့ ကျောင်းသားပြည်သူတွေ  ဖမ်းဆီးခံထားရပါတယ်။ 

ပြီးခဲ့တဲ့လကလည်း ဂျပန်နိုင်ငံသား သတင်းထောက် ၁ ဦး ရန်ကုန် မြေနီကုန်းမှာ ဆန္ဒပြပွဲ သတင်းယူနေစဉ် ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

Photo Credit- Myanmar Mix

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024