Home
မြန်မာသတင်း
ဆန္ဒပြပြည်သူများအား စစ်ကောင်စီက ဥပဒေမဲ့ ပစ်ခတ်တိုက်ခိုက်ဖမ်းဆီးမှုများကို တားဆီးရန် PPST ဆုံးဖြတ်
DVB
·
March 12, 2021

ဆန္ဒထုတ်ဖော်ပွဲတွေနဲ့ CDM အာဏာဖီဆန်ရေး၊ ပြည်သူ့လှုပ်ရှားမှုတွေကို စစ်ကောင်စီက ရက်ရက်စက်စက် ပစ်ခတ်တိုက်ခိုက်ဖြိုခွင်းနေတာနဲ့ ဥပဒေမဲ့ ဖမ်းဆီးနေတာတွေကို အမြန်ဆုံး တားဆီးနိုင်ဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO) ရဲ့ PPST အစည်းအဝေးကို မတ် ၁၁ ရက်ကနေ ၁၂ ရက်အထိ Video Conferencing နဲ့ ကျင်းပခဲ့ပြီး ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်ရဲ့ မိန့်ခွန်းမှာ အခုလို ပြောကြားခဲ့တာပါ။

လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အပါအဝင် သက်ဆိုင်ရာ stakeholders အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းနိုင်ဖို့လည်း ဆွေနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

PPST က ဖွဲ့စည်းပေးထားတဲ့ နိုင်ငံတကာဆက်ဆံရေးကော်မတီ (FRC) ရဲ့ လုပ်ငန်းတာဝန်တွေကို အတည်ပြုပေးနိုင်ခဲ့ပြီး နိုင်ငံရေးအကျပ်အတည်းတွေကို နိုင်ငံတကာနဲ့ ပူးပေါင်းဖြေရှင်းဖို့ တာဝန်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းကောင်စီက အန်စီအေ စာချုပ်ကို စွဲကိုင်ထားတယ်လို့ ပြောဆိုထားပေမဲ့ တဖက်မှာ အာဏာသိမ်းပြီးနောက် အန်စီအေစာချုပ်ကို အကြီးအကျယ်ချိုးဖောက်နေတယ်လို့ ဆိုပါတယ်။

ဆန္ဒပြပွဲတွေမှာပါဝင်တဲ့ CDM ဝန်ထမ်းတွေနဲ့ ပြည်သူတွေကို အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများအပြားသေဆုံးရတာ၊ ပုဒ်မအမျိုးမျိုးတတ်ပြီး မတရားဖမ်းဆီးတာ၊ ဘုန်းကြီးကျောင်း၊ ဆေးရုံ၊ စာသင်ကျောင်း၊ တက္ကသိုလ်နဲ့ အများပြည်သူပိုင် နေရာတွေမှာ စစ်တပ် စေလွှတ် တပ်စွဲပြီး ပြည်သူအား ပစ်ခတ်နှိမ်နင်းတာ၊ ပြည်သူအတွက် အကျိုးမပြုတဲ့ ဥပဒေတွေ အကြိမ်ကြိမ်ထုတ်ပြန်တာ စတဲ့ အန်စီအေစာချုပ်ပါအချက်အလက်တွေကို စစ်ကောင်စီက ပြောင်ပြောင်တင်းတင်း ကမ္ဘာသိချိုးဖောက်နေကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် NCA-S EAO အဖွဲ့တွေအနေနဲ့ တိုင်းရင်းသား ပြည်သူတရပ်လုံးနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO) မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက် တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုး သားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး /ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/ SSA)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ပါ၀င်ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024