ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် ၂၀၁၄ တွင် တည်ဆောက်မည်
DVB
·
October 18, 2013
ပဲခူးတိုင်းက ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေး၊ ရန်ကုန်နဲ့ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် ပြုပြင်ရေးလုပ်ငန်းတွေကို လာမယ့် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းကာလမှာ စတင်နိုင်မယ်လို့ လေကြောင်းပို့ဆောင်ရေးဦးစီးဌာန တာဝန်ရှိသူ တဦးက အတည်ပြုပြောကြားပါတယ်။
လက်ရှိမှာတော့ တင်ဒါအောင်ထားတဲ့ ကိုရီးယား၊ ဂျပန်၊ မြန်မာကုမ္ပဏီတွေနဲ့ ဆွေးနွေးနေပြီး ပြီးပြတ်သွားတဲ့အခါ ငွေရေးကြေးရေး၊ တည်ဆောက်မယ့် အနေအထားနဲ့ အပြီးသတ်မယ့် ကာလအပိုင်းအခြားစတာတွေ ပါဝင်တဲ့စာချုပ် ချုပ်ဆိုရမယ်လို့ သူက ပြောပါတယ်။
စာချုပ် ချုပ်ဆိုပြီးရင်တော့ တည်ဆောက်ရေးလုပ်ငန်းတွေ စတင်နိုင်ပြီလို့ သူက ရှင်းပြပါတယ်။
လောလောဆယ် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ နေ့အချိန် ပျံသန်း၊ ဆင်းသက်မှုတွေ ပြည့်ကျပ်လာလို့ ညအချိန် ပျံသန်းမှုနဲ့ ဆင်းသက်မှုတွေ လုပ်နေရကြောင်း သိရပါတယ်။