Home
မြန်မာသတင်း
စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသူအယောက် ၇၀ ကျော် ရှိလာ
DVB
·
March 12, 2021

စစ်အာဏာရှင်ဆန့်ကျင် လူထုဆန္ဒပြပွဲတွေအတွင်း မတရားအကြမ်းဖက်ဖြိုခွင်းမှု တွေကြောင့် ကျဆုံးသူဦးရေဟာ အနည်းဆုံး အယောက် ၇၀ ကျော် ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါ တယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၁ ရက်အထိ မှတ်တမ်း ပြုစုထားတာဖြစ်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ စုစုပေါင်း ၂၀၄၅  ယောက်ထိရှိနေခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီထဲက ထောင်ဒဏ်ချမှတ်ခံထားရသူ ၃ ယောက်၊ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ ၇၃ ယောက်၊ ပြန်လည် လွတ်မြောက်လာသူ ၃၁၉ ယောက်ရှိနေတဲ့အတွက် လက်ရှိ အချိန်အထိ ၁၇၂၆ ယောက်ဟာ ဖမ်းဆီး၊ တရား စွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) အနေနဲ့ မတ် ၁၁ ရက် တရက်တည်းမှာတင် ကျဆုံးသွားခဲ့တဲ့ ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ပဲခူးတိုင်း၊ ပဲခူးမြို့၊ မန္တလေးတိုင်း၊ မန္တလေးမြို့၊ မြင်းခြံမြို့၊ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နဲ့ မကွေးတိုင်း၊ မြိုင်မြို့တို့မှ အာဇာနည် သူရဲကောင်း ၁၂ ယောက်ကိုလည်း အလေးအနက် မှတ်တမ်းတင် ဂုဏ်ပြုအပ်ကြောင်း ဖော်ပြထားပါတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ လူမဆန်တဲ့ ရာဇဝတ်မှုတွေကို နေ့စဉ်နဲ့အမျှ ပုံစံမျိုးစုံနဲ့ ကျူးလွန်နေပြီး ဒါတွေကို ရပ်တန့်ဖို့ နိုင်ငံတကာက အရေးယူဆောင် ရွက်မှုတွေကို အမြန်ဆုံး လုပ်ဆောင်ကြဖို့လည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း(အေအေပီပီ)  အလေးအနက် တိုက်တွန်းပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) မှ  ကိုအောင်ကြီး၊ ဖုန်း - ၀၉၄၅၁၅၂၉၀၀၀ နဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း -  ၀၉၇၇၄၀၈၁၅၈၅ တို့ကို  ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024