မြန်မာကို စစ်သင်တန်းပေးမည် မဟုတ်ဟု ဗြိတိန်သံအမတ် ပြောဆို

943
ဗြိတိန်နိုင်ငံနဲ့ မြန်မာတပ်မတော်အကြား ဆက်ဆံရေးတခု ရှိဖို့ အရေးကြီးပေမယ့် စစ်ဘက်ဆိုင်ရာ သင်တန်းတွေတော့ ပေးမှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် မစ္စတာ အင်ဒရူး ပက်ထရစ် (Andrew Patrick) က ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၁၇ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“ဗြိတိန်အစိုးရနဲ့ မြန်မာ့တပ်မတော်ရဲ့ စေ့စပ်ဆွေးနွေးတဲ့အဆင့်ဟာ ကနဦးအခြေအနေမှာ ရှိနေဆဲပါ။
ဥပမာအားဖြင့် လက်နက်ရောင်းဝယ်ရေး တားမြစ်ချက်ကလည်း အခုထိရှိနေဆဲပါ၊ ဒီအချက်တွေကြောင့် မြန်မာ့တပ်မတော်ကို တိုက်ပွဲတွေမှာ တိုက်ခိုက်တဲ့ သင်တန်းမျိုးကို ပေးမှာ မဟုတ်ပါဘူး၊ ဒါပေမယ့် မြန်မာစစ်တပ်နဲ့ဆက်ဆံရေး ရှိနေဖို့ကလည်း အရေးကြီးပါတယ်။”
အတိုက်အခံခေါင်းဆောင် အတော်များများကလည်း ဗြိတိန်က ဘာကြောင့် ဒီလို လုပ်နေသလဲ ဆိုတာကို နားလည်သလို တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ရင်လည်း ဒီကိစ္စကို ဆွေးနွေးသွားမှာ ဖြစ်ပြီး ဘာမှ စိုးရိမ်စရာမလိုတဲ့အကြောင်း ရှင်းပြသွားမယ်လို့လည်း သံအမတ်က ပြောပါတယ်။
မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေမှာ အစိုးရတပ်တွေက ထိုးစစ်ဆင်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသေးတဲ့အတွက် မြန်မာစစ်တပ်ကို စစ်သင်တန်းပေးမှုတွေ အပါအ၀င် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု မလုပ်သေးဖို့၊ တိုင်းရင်းသားအဖွဲ့ ၁၀၀ ကျော်ကနေပြီး အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျအစိုးရတွေကို အိတ်ဖွင့်စာ ၁ စောင် ပေးပို့ တောင်းဆိုလိုက်ချိန်မှာ ခုလို ဗြိတိန်သံအမတ်က ဒီကိစ္စ ရှင်းလင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
မြန်မာ စစ်ဘက်အရာရှိတွေကို ဗြိတိသျှက စစ်သင်တန်းအစီအစဉ်နဲ့ မြန်မာပြည်ကို စစ်လက်နက် တင်ပို့နေတဲ့ကုမ္ပဏီနဲ့ လက်ခံရရှိသူတွေနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်ကို သတင်းလွတ်လပ်ခွင့်အရ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနကို ဗြိတိန်နိုင်ငံက မြန်မာ့အရေးကို ဆောင်ရွက်နေတဲ့ ယူကေ မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်သူများအဖွဲ့ (Burma Campaign UK) က ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနကို တောင်းဆိုရာမှာ ပယ်ချခံခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရတက်လာပြီးနောက် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု တွေကြောင့် ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေကလည်း မြန်မာစစ်တပ်အရာရှိတွေကို သင်တန်းပေး တာအပါအ၀င် စစ်ရေးဆိုင်ရာ ပူးပေါင်းမှုတွေ လုပ်ဆောင်ဖို့ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။