ချင်းအမျိုးသားတပ်ဦးနှင့် ချင်းမိသားစုများ တွေ့ဆုံမည်
နန်းမြနဒီ
·
October 18, 2013
အစိုးရနဲ့ အပစ်အခတ်ရပ် လက်မှတ်ထိုးထားတဲ့ ချင်းအမျိုးသားတပ်ဦး(စီအန်အက်ဖ်)ဟာ ရန်ကုန်မှာ ရှိတဲ့ ချင်းမျိုးနွယ် မိသားစု အသိုင်းအ၀ိုင်း၊ ချင်းနိုင်ငံရေးနဲ့ လူမှုရေးအဖွဲ့အစည်းတွေကို အောက်တိုဘာ ၁၉ ရက်မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ဒါဟာ အပစ်အခတ်ရပ်ပြီးတဲ့နောက်ပိုင်း ရန်ကုန်နေ ချင်းပြည်သူများနဲ့ ပထမဆုံးအကြိမ် အဖြစ် တွေ့ဆုံမှုဖြစ်ပြီး အဓိကအားဖြင့် စီအန်အက်ဖ်ရဲ့ မူဝါဒလမ်းစဉ်တွေကို ရှင်းပြဖို့၊ အနာဂတ် စီအန်အက်ဖ်ရဲ့ ပုံဖော်မှုမှာ လူထုတွေ ဖြစ်စေချင်တဲ့ အကြံပြုချက်တွေ ရယူဖို့နဲ့ ချင်းအမျိုးသားတပ်ဦးနဲ့ ချင်းလူထုကြား ရင်းနှီးမှု တည်ဆောက်ဖို့ ဖြစ်တယ်လို့ တွေ့ဆုံပွဲ ဖိတ်ကြားခြင်းခံရသူ ချင်းအမျိုးသားပါတီပြောခွင့်ရ ဆလိုင်းငယ်ပီးက ပြောပါတယ်။
“မနက်ပိုင်းမှာ စီအန်အက်ဖ်က သူရဲ့ မူဝါဒတွေပြောပြမယ်။ ညနေပိုင်းမှာ စီအန်အက်ဖ်ကို ပြည်သူက ဘယ်လိုဖြစ်စေချင်သလဲဆိုတဲ့ အကြံပြုချက်တွေ ပါလာမယ်။ စီအန်အက်ဖ်ကို အနာဂတ်မှာ ဘယ်လိုဖြစ်စေချင်သလဲဆိုတဲ့ အနာဂတ် ပုံဖော်မှုတွေကို တက်ရောက်လာတဲ့ ပြည်သူတွေဆီကနေ အကြုံပြုချက်တွေကို နားထောင်မယ့်အစီအစဉ်တွေ ရှိတယ်။”
တွေ့ဆုံပွဲကို အလုံမြို့နယ် ဆန်းမစ်ပက်ဗျူးဟိုတယ် (Summit Parkview Hotel) မှာ မနက် ၈ နာရီခွဲကနေ ညနေ ၅ နာရီထိ ပြုလုပ်မှာဖြစ်ပြီး ချင်းအမျိုးသားတပ်ဦးဘက်က အထွေထွေအတွင်းရေးမှူး ဒေါက်တာရွှေခါးနဲ့ အဖွဲ့ တက်ရောက်ရှင်းလင်းမှာ ဖြစ်ကာ ရန်ကုန်မှာ ရှိနေတဲ့ ချင်းမျိုးနွယ်စုအလိုက်ရော ဖလမ်း၊ ဟားခါး၊ မင်းတပ်နဲ့ ကန်ပက်လက်အစရှိတဲ့ မြို့နယ်အလိုက်ရောနဲ့ ချင်းနိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေပါ စုစုပေါင်း လူ ၂၀၀ ကျော် ဖိတ်ကြားထားတယ်လို့ သိရပါတယ်။