မြန်မာနိုင်ငံအခြေအနေ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလွန်စိုးရိမ်

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေကို အလွန်အမင်းစိုးရိမ်မိတယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌက ထုတ်ပြန်ကြေညာလိုက်ပြီး နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် ဖမ်ဆီးခံထားရသူတွေကို ချက်ချင်းလွှတ်ပေးဖို့ ထပ်မံတိုက်တွန်းလိုက်ပါတယ်။
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူတွေအပေါ် အကြမ်းဖက်နေတာကို လုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန်ရှုတ်ချပြီး ကျန်းမာရေးဝန်ထမ်းတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း၊ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်တွေ၊ သတင်းစာဆရာတွေအပေါ် ကန့်သတ်ထိန်းချုပ်တာတွေ လုပ်နေတာကိုလည်း အများကြီး စိုးရိမ်ပူပန်နေတယ်လို့ ဆိုပါတယ်။
စစ်တပ်အနေနဲ့ အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပြီး လုံခြုံရေးကောင်စီဟာ အခြေအနေကို နီးနီးကပ်ကပ် စောင့်ကြည့်နေတယ်လို့လည်း အလေးအနက် သတိပေးလိုက်ပါတယ်။
ဒါ့အပြင် အာဆီယံရဲ့ မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ကူညီပံ့ပိုးပေးဖို့ အသင့်ရှိနေတာကို ထောက်ခံအားပေးသလို မတ်လ ၂ ရက်က အလွတ်သဘော ကျင်းပခဲ့တဲ့ အာဆီယံဝန်ကြီးများအစည်းအဝေးနဲ့ မတ်လ ၂ ရက်နဲ့ ဖေဖေါ်ဝါရီ ၁ ရက်က အာဆီယံဥက္ကဋ္ဌမှ ထုတ်ပြန်သော ထုတ်ပြန်ချက်တွေကို လည်းလုံခြုံရေး ကောင်စီက ကြိုဆိုတယ်လို့ ဆိုပါတယ်။
လုံခြုံရေးကောင်စီအနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်းရှာရာနာဘာဂီနာကို ထောက်ခံအားပေးနေကြောင်းနဲ့ မြန်မာနိုင်ငံရှိ သင့်တော်သူအားလုံး နှံ့နှံ့စပ်စပ် ချိတ်ဆက် ဆက်သွယ်ဖို့နဲ့ မြန်မာနိုင်ငံကို အမြန်ဆုံး သွားရောက်နိုင်ဖို့ သူ့ရဲ့ကြိုးပမ်းမှု အားထုတ်မှုအားလုံးကို ဆက်လက်လုပ်ဆောင်သွားဖို့ တိုက်တွန်းပါသည်။
လိုအပ်သူတွေထံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အဟန့်အတားမရှိ ဘေးကင်းစွာ ရောက်ရှိနိုင်ဖို့ ရိုဟင်ဂျာဒုက္ခသည်တွေ ဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ သိက္ခာရှိရှိ နေရပ်ပြန်ရေး စိုးရိမ်ကြောင်းနဲ့ လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို အပြည့်အဝ အကာအကွယ်ပေးဖို့ တိုက်တွန်း ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up