ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့မှာ ကနေ့မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြဖို့လူစုနေစဉ် နစက ( နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ) လုံခြုံရေးစစ်တပ်နဲ့ရဲတွေ ရော က်လာပြီး သေနတ်အစစ်နဲ့ ပစ်ဖောက်ဖြို ခွင်းခဲ့သလို လူလည်း လိုက်ဖမ်းတာကြောင့် ဆန္ဒပြသူ ၁၂ ဦးထက်မနည်း ဖမ်းဆီးခံရပါတယ် ။
ဆန္ဒပြမယ့်လူအင်အား တစ်ရာလောက်ဟာ ကနေ့ ( မတ်လ ၁၁ ရက် ) မနက် ၁၁ နာရီလောက်က မူဆယ် နာရီစင်အနားမှာ ထိုင်သပိတ်လုပ်ဖို့ စုဝေးရောက်ရှိစဉ် ရဲနဲ့စစ်သားတွေပါတဲ့ လုံခြုံရေးတပ် အင်အား ၇၀ လောက်ရောက်လာပြီး သေနတ်နဲ့ ပစ်ဖောက်လို့ လူတွေကစင့်ကလျားထွက်ပြေးခဲ့ကြောင်း ၊ လုံခြုံရေးတပ်က အနောက်က လိုက်ဖမ်းလို့ အနည်းဆုံး ၁၂ ယောက်လောက်ပါသွားတာလို့ မျက်မြင်ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ် ။
“ သူတို့က နာရီစင်နားမှာစုဝေးနေတုန်း ရဲတွေရော စစ်သားတွေရောရောက်လာတယ် ၊ သေနတ် ၃ ခါပစ်တယ် ။ ပထမတစ်ခေါက် ၃ ချက် ၊ ဒုတိယတခါ ၂ ချက် နဲ့ နောက်ဆုံး ၁ ချက် စုစုပေါင်း ၆ ချက် ကျည်အစစ်တွေနဲ့ မိုးပေါ်ထောင်ပစ်တာခင်ဗျ ၊ ကလေးတွေက ထွက်ပြေးတော့ အနောက်က လိုက်ဖမ်းကြတယ် ၊ ဖိုးဝီးလ်ကားတွေနဲ့လိုက်တယ် ၊ လမ်းကြိုလမ်းကြားထဲ ဝင်ရှာ တယ် ၊ အဲဒီမှာ ၁၂ ယောက် တချို့က ၁၃ ယောက် ပါသွားတယ်လို့လည်းကြားပါတယ်ခင်ဗျ ”
လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ညနေ ၂ နာရီကျော်တဲ့ထိ ဆန္ဒပြသူတွေ လိုက်ရှာနေဆဲဖြစ်ပြီး ဖမ်းဆီးခံရသူတွေရဲ့ အမည်စာရင်းလည်း လူမှုကွန်ရက်မှာပြန့်နေပါတယ် ၊ အဲဒီထဲမှာ အမျိုးသား ၈ ဦး အမျိုးသမီး ၄ ဦးပါဝင်ကာ ၁၈ နှစ်အောက်လူငယ် ၂ ယောက်လည်းပါပါတယ် ။
ဖမ်းဆီးခံရသူတွေ ပြန်လွှတ်ပေးဖို့ မူဆယ်ရှေ့နေများနဲ့ ရပ်မိရပ်ဖတချို့ ရဲစခန်းမှာ လိုက်လံ ညှိနှိုင်းတောင်းဆိုနေတယ်လို့ သိရပါတယ် ။
မူဆယ်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့ ကတည်းက စတင်ခဲ့ပြီး ဒီလ ၉ ရက်နေ့က ကားလေးကွင်းဆန္ဒပြပွဲမှာ စတင်အကြမ်းဖက်ဖြိုခွင်း ခံခဲ့ရတာပါ ။
၉ ရက်နေ့က ရာဘာကျည်နဲ့ ပစ်ခတ်ရာမှာ လူတစ်ဦး ပုခုံးလက်ပြင်ကိုထိမှန်သွားပြီး ဆေးရုံကားနဲ့ တင်ခေါ်သွားတာတွေ့ရကြောင်း သူ့ရဲ့နောက်ဆုံးအခြေအနေတော့ မသိရဘူးလို့ မူ ဆယ်ဒေသခံက ပြောသွားပါတယ် ။