Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ်က ၀င်လာသည့် ရာဘဆေး ၆ သိန်းကျော် ဖမ်းမိ
DVB
·
October 17, 2013
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မဲ့ကျန်းမြို့နယ်ထဲမှာ မြန်မာနယ်စပ်ဘက်က ၀င်လာတဲ့ ရာဘ ခေါ် မြင်းဆေး အလုံးရေ ၆ သိန်း နဲ့ ဘိန်းစာရွက်တွေ ဖမ်းဆီးရမိကြောင်း ထိုင်းမူးယစ် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မူးယစ်ဆေးဝါးဖမ်းဆီးရမိကြောင်း  အမှတ် ၅ တိုင်းဒေသ ဒုရဲချုပ် နိုင်းချမ်းနန် လုတ်လျိုးနဲ့ ထိုင်းမူးယစ်ရဲတပ်ဖွဲ့ဝင်တွေက မဲ့ကျန်းမြို့နယ် ရဲစခန်းရှေ့မှာ  ဒီနေ့ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တာပါ။ နယ်စပ်ဘက်က မူးယစ်ဆေးဝါးတွေ ၀င်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်း ရထားချက်အရ  နယ်မြေခံရဲနဲ့ စစ်လေ့ကျင့်ရေးသင်တန်းသားတွေ ပူးပေါင်းပြီး  နယ်မြေ စစ်ဆေးစောင့်ကြည့်ခဲ့ရာကနေ အခုလို ဖမ်းမိခဲ့တာပါ။ မဲ့ကျန်းမြို့နယ် ဆီခမ်းကျေးရွာအုပ်စု လွန့်ကျရူန်းရွာအနီး တောင်ပေါ်တောလမ်းကနေ ဖြတ်လာတဲ့ ကျောပိုးအိတ်ကိုယ်စီ သယ်ဆောင်လာသူ လူရွယ် ၇ ဦးကို စစ်ဆေးဖို့ ရဲတပ်ဖွဲ့က ရပ်မိန့်ပေးတာမှာ အထုတ်တွေ ပစ်ချပြီး တောစပ်ဘက်  ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ ကျောပိုးအိတ် ၆ လုံးထဲမှာ ရာဘအလုံးရေ စုစုပေါင်း ၆ သိန်း တွေ့ရှိပြီး ၃ သိန်းမှာ လက်ချင်းချိတ်တံဆိပ် နဲ့ ၃ သိန်းမှာ ကမ္ဘာလုံးပေါ်က ခြင်္သေ့ တံဆိပ်တွေလို့ ဒုရဲချုပ်က သတင်းထောက်တွေကို ပြောပါတယ်။ တနေ့တည်းမှာပဲ  မဲ့ကျန်းမြို့နယ် အဝေးပြေးလမ်းမတလျှောက်  စစ်ဆေးရေး လုပ်ရာမှာ  ပါဆန်းကျေးရွာအုပ်စု လမ်းအပိုင်းက တိုယိုတာပေါင်မုန့်ကားတစီးပေါ်မှာ အလေးချိန် ၁၁၃၆ ဂရမ်ရှိ ဘိန်းစာရွက်တွေ ဖမ်းဆီးရမိခဲ့ပြီး ကားဒရိုင်ဘာနဲ့ အဖော်ဖြစ်သူတို့ကို စစ်ဆေးအရေးယူဖို့ ထိန်းသိမ်းထားတယ်လို့ ဒုရဲချုပ်က ပြောပါတယ်။ ဒါ့အပြင် နောက်ထပ် ၁၅ နေရာက မူးယစ်ဆေး သုံးစွဲသူ၊ ဘိန်းဖြတ်စခန်းက ထွက်ပြေး လွတ်မြောက်နေသူ စုစုပေါင်း  လူ ၉ ဦးကို ရာဘ ၂၅၂ လုံး ၊ ဘိန်းစိမ်း၂ ထုတ်၊  ခါ့ခူး  ၂ ထုတ် နဲ့အတူ ဖမ်းဆီး ရမိခဲ့တယ်လို့ ဆိုပါတယ်။ အခြားရဲအရာရှိတဦးကလည်း ထိုင်းနိုင်ငံက ရှေ့လထဲမှာ အကျဉ်းထောင်အသီးသီးက လူပေါင်းတသောင်းကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမှာဖြစ်ပြီး အဲဒီထဲမှာ မူးယစ်မှုနဲ့ ကျနေသူတွေ ပါရှိနေပြီး သူတို့တွေ နောက်ထပ်မူးယစ်ဆေးဝါးနဲ့ မပတ်သက်ဖို့ ကြပ်မတ် စောင့်ကြည့်နေတယ်လို့ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွ ပိုမိုစစ်ဆေးသွားမယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024