ကချင်ပြည်နယ်၊ ရွှေကူမြို့မှာ မတ် ၈ ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားသပိတ်စစ်ကြောင်းဖြိုခွဲခံရပြီးနောက် ဖမ်းဆီးခံရတဲ့ လူငယ် ၄ ဦးအား ပုဒ်မအသီးသီးတပ်ကာ ဗန်းမော်အကျဉ်းထောင်ကို ဒီနေ့ ပို့လိုက်ပြီလို့ သိရပါတယ်။
မတ်လ ၈ ရက်နေ့က ရွှေကူသပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ရာဘာကျည်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ အကြမ်းဖက်ဖြိုခွင်းကာ ဒီဗွီဘီ နယ်ခံသတင်းထောက် ၁ ယောက်အပါအဝင် ဆန္ဒပြသူ ၈၇ ယောက်ဖမ်းဆီးခံခဲ့ရတာပါ။
ဒီဗွီဘီနယ်ခံသတင်းထောက်အပါအဝင် ၈၃ ဦးကို ညနေပိုင်းမှာ ပြန်လည်လွှတ်ပေးခဲ့ပေမဲ့ ကျန် ၄ ဦးကိုတော့ ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၂၅ စတဲ့ ပုဒ်မတွေနဲ့ တရားဆွဲဆိုထားပြီး မတ်လ ၉ ရက်နေ့မှာ ဗန်းမော်အကျဉ်းထောင်ကို ပို့ဆောင်လိုက်တာပါ။
ဖမ်းဆီးခံရသူတဦးရဲ့ မိသားစုဝင်က "အခုလေးတင် ဗန်းမော်ထောင်ပိုင်ကြီးကနေတစ်ဆင့် ဖုန်းအဆက်အသွယ်ရပါတယ်။ မတ်လ ၂၂ ရက်နေ့ရုံးထုတ်မယ်လို့ သိရပါတယ်။ ပထမတော့ စိတ်ပူတာပေါ့နော်၊ ညကတပ်ထဲခေါ်သွားပြီလို့သိရတော့ ကလေးတွေကို စိတ်ပူတယ်။ မနက်ကျတော့ သူတို့ကို ဗန်းမော်ထောင် ပို့လိုက်တယ်ပေါ့။ စစ်တပ်မှာဆို စိတ်မချရဘူးလေ ရွှေကူရှေ့နေတွေရော ဗန်းမော်ရှေ့နေတွေကပါ ကူညီမယ်လို့ပြောပါတယ်" လို့ ပြောပါတယ်။
ရွှေကူမြို့မှာ ပြီးခဲ့တဲ့နေ့တွေက သပိပ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က တားဆီးတာတွေရှိခဲ့ပေမဲ့ အကြမ်းဖက်ဖြိုခွင်းတာတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။
ကျော်ဇေယျ(ရွှေကူ)