ဒီနေ့မွန်းလွဲ ၂ နာရီခွဲလောက်မှာ အင်းစိန်ဈေးရှေ့၊ ပိန္နဲကုန်းရပ်ကွက်၊ သီရိလမ်း (ရုပ်ရှင်ရုံလမ်း) ထဲအထိ စစ်တပ်နဲ့ရဲ အများအပြားဝင်သွားတယ်လို့ သိရပါတယ်။
သီရိလမ်းထဲမှာ ဆန္ဒပြနေကြတာဖြစ်ပြီး စစ်တပ်နဲ့ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ဖောက်ပြီး ဝင်လာကြတာလို့ ရပ်ကွက်နေပြည်သူတဦးက ပြောပါတယ်။
ပိန္နဲကုန်းရပ်ကွက်ထဲမှာ CDM ဝင်ထားတဲ့ မီးရထားဝန်ထမ်းတွေနေတဲ့ နေရာရှိနေပါတယ်။
လမ်းထိပ်က အတားအဆီးတွေ၊ ထဘီတန်းတွေကိုလည်း အင်အားသုံးပြီး ဖယ်ရှားခဲ့သလို အင်းစိန်ကမ်းနားက အတားအဆီးတွေကိုလည်း ဘူဒိုဇာတွေနဲ့ဖယ်ရှားနေပါတယ်။
အင်းစိန်ဈေး၊ ထောင်ဘူးဝ၊ ပေါက်တောဝ၊ ကမ်းနားတောက်လျှောက် လမ်းမပေါ်မှာလည်း စစ်တပ်နဲ့ရဲက အင်အားအများအပြားချထားပါတယ်။