ကော့သောင်း ထောင်မှူးနှင့် ၀န်ထမ်းများ လူ့အခွင့်အရေး ချိုးဖောက်ဟုဆို
DVB
·
October 17, 2013
ကော့သောင်းထောင်အတွင်း ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို လက်ကိုင်တုတ်နဲ့ ၀ိုင်းရိုက်ခဲ့တာဟာ လူ့အခွင့်အရေးချိုးဖောက်တာလို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့က ကော့သောင်းမြို့နယ်ရှိ ၉ မိုင် အကျဉ်းထောင်မှာ အကျဉ်းသား ၂ ဦး ခိုက်ရန်ဖြစ်ပွားရာကနေ ထောင်တွင်း ဆူပူဖျက်မှုတွေ၊ မီးရှို့မှုတွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဒီဆူပူမှုဖြစ်စဉ်ကို မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်ရဲ့ အတွင်းရေးမှူး ဦးစစ်မြိုင် ခေါင်းဆောင်တဲ့အဖွဲ့က စက်တင်ဘာ ၂၀ ရက်ကနေ ၂၃ ရက်အထိ တနင်္သာရီတိုင်း ကော့သောင်းထောင်ကို သွားရောက်စစ်ဆေးခဲ့ပြီးတဲ့နောက် အခုလို ပြောဆိုလိုက်တာပါ။
ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က “စစ်ဆေးတွေ့ရှိချက်အရက ပစ်ခတ်တာ နဲ့ပတ်သက်လို့၊ ဗြိတိသျှ အစိုးရလက်ထက်က ၁၈၉၄ ခုနှစ် အကျဉ်းထောင်များလက်စွဲ နည်းဥပဒေကို ကိုးကားပြီး သူတို့ ဆောင်ရွက်တာကိုး။ အဲဒီအက်ဥပဒေကလည်း လက်ရှိမှာ တည်ဆဲ ဥပဒေတခုဖြစ်နေတယ်။ ဒီဥပဒေက ဒီနေ့အချိန်အခါမှာ လက်တွေ့ ဖြစ်စဉ်နဲ့ ဘယ်လိုမှ ကိုက်ညီမှု မရှိတော့ပါဘူး။ နံပါတ်တစ် ကျနော်တို့ အကြံပြုတာက ဒီဥပဒေကို ပြင်ဆင်ဖို့လိုအပ်တယ်။
“ဒုတိယ အချက်ကတော့ အကျဉ်းသားကို ရိုက်နှက်တဲ့ ကိစ္စပါ။ ရန်ဖြစ်တဲ့အတွက် အကျဉ်းသားတဦးက ရန်ဖြစ်တဲ့ အကျဉ်းသားတွေကို လက်ထိတ်ခတ်ပြီးတော့ အကျဉ်းထောင် မိန်းဂျေးရုံးကို ခေါ်ယူတယ်။ သူတို့ အပြစ်ပေးနိုင်တဲ့ အခွင့်အရေးတွေ လုပ်ထုံး လုပ်နည်းတွေ ရှိပါတယ်။ အပြစ်ပေးနိုင်တဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ အပြစ်ပေးခြင်းမပြုပဲနဲ့ ရိုက်နှက်တာကို စစ်ဆေးပေါ်လွင်တာ တွေ့ရပါတယ်။ ဒါကြောင့် ဒီလိုအကျဉ်းသားကို ရိုက်နှက်တာဟာ လူ့အခွင့်အရေးချိုးဖောက်တာဖြစ်ပါတယ်။ ဒါကြောင့် လိုအပ်သလို အရေးယူ ဆောင်ရွက်သင့်ပါတယ်လို့ အကြံပြုခဲ့ပါတယ်။”
ကော်မရှင်ရဲ့ သုံးသပ်ချက်ထဲမှာ သတင်းမှန် အဖြစ်မှန်တွေကို အချိန်မီ ထုတ်ပြန်ပေးသင့်တယ်လို့လည်း ဖော်ပြပါရှိပါတယ်။
စက်တင်ဘာလ ၁၃ ရက်ညက ဖြစ်ပွားခဲ့တဲ့ ကော့သောင်းထောင်ဆူပူမှုဖြစ်စဉ်အတွင်း အကျဉ်းထောင်ဝန်ထမ်းတွေ သေနတ်နဲ့ ပစ်ခတ်တာကြောင့် ထောင်သား ၁ ဦး သေဆုံးပြီး၊ ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ကြေညာထားပါတယ်။
ထောင်ဆူခဲ့ပြီးတဲ့နောက် ကော့သောင်းထောင်က အကျဉ်းသား ၁၀၀ ကျော်ကို မော်လမြိုင်ထောင်ကို ရွှေ့ပြောင်းခဲ့ပါတယ်။