ပီးရူးငါးဖမ်းသမားများ လင်းပိုင်ကောင်ရေ ၁ သောင်းခွဲ သတ်ဖြတ်ခဲ့ဟုဆို

1.3K
ပီရူးနိုင်ငံက ငါးဖမ်းသမားတွေဟာ လင်းပိုင် အကောင်ရေ ၁ သောင်း ၅ ထောင်ကို သတ်ဖြတ်ခဲ့တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက စွပ်စွဲလိုက်ပါတယ်။
ပီရူးနိုင်ငံအခြေစိုက် မန်ဒိုအာဆူး (အပြာရောင်ကမ္ဘာ) လို့ ခေါ်တဲ့ အန်ဂျီအိုအဖွဲ့က ထုတ်ပြလိုက်တဲ့ ဗွီဒီယိုထဲမှာ ငါးဖမ်းသမားတွေက လင်းပိုင် ၁ ကောင် သတ်ဖြတ်နေပုံတွေကို ရိုက်ကူးထားပါတယ်။
နောက်ဆုံး သွေးအလိမ်းလိမ်းနဲ့ အသက်ပျောက်နေတဲ့ လင်းပိုင်ကို လှေပေါ်တင်ပြီး စားဖို့အတွက် အပိုင်းပိုင်း ခုတ်ထစ်တာတွေကိုလည်း ရိုက်ကူးထားပါတယ်။
ပီရူးနိုင်ငံရဲ့ ဥပဒေအရ လင်းပိုင်ကို သတ်ဖြတ်တာကို ရာဇ၀တ်မှု မြောက်ပါတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ရဲ့အဆိုအရ အဲဒီ ဗွီဒီယိုကို အမေရိကန် အန်ဂျီအို ဘလူးဗွိုက်နဲ့ ဗြိတိန်အခြေစိုက် အီကိုစတွမ်းအဖွဲ့တို့နဲ့ ပူးပေါင်းပြီး လျှို့ဝှက် ရိုက်ကူး ဖော်ထုတ်ထားတယ်လို့ ဆိုပါတယ်။
အဖွဲ့ရဲ့ ဒါရိုက်တာ စတီဗင်အော်စတာမူဟဲက အခု ဗွီဒီယိုကြောင့် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေတဲ့ အသိုင်းအ၀ိုင်းမှာ အသိပညာတွေ ပျံ့နှံ့သွားဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။
ပီရူးမှာ လင်းပိုင်တွေကို သတ်ဖြတ်တာကို တားမြစ်ခဲ့တာ ၁၅ နှစ် ရှိပြီဖြစ်ပေမယ် လင်းပိုင်တွေကို စနစ်တကျ သတ်ဖြတ်တာတွေက ဆက်ရှိနေတယ်လို့ ပြောပါတယ်။
အရေအတွက်အနေနဲ့ ဆိုရင် နှစ်စဉ် အကောင်ရေ ၇ ထောင်ကနေ ၁ သောင်းခွဲအထိ ရှိပြီး ဗိုက်ကြီးနေတဲ့ ငမန်းတွေကို ဖမ်းဆီးတာတွေကလည်း အလွန်အကျွံဖြစ်နေလို့ မျိုးတုန်းတော့မယ့် အန္တရာယ် ကြုံနေရတယ်လို့ ပြောပါတယ်။
အန်ဂျီအိုအဖွဲ့ရဲ့အဆိုအရ ပီရူးရေပြင်မှာ ဝေလငါးနဲ့ လင်းပိုင် မျိုးစိတ်ပေါင်း ၃၀ ကျော်ရှိပြီး ရှားပါး ငါးမန်းမျိုးစိတ် ၃ မျိုးလည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာ ပီရူးနိုင်ငံက ထွက်တဲ့ ငါးထွက်ကုန်ဟာ ကမ္ဘာ့ငါးထွက်ကုန် အားလုံးရဲ့ ၁၀ ရာခိုင်နှုန်း ရှိပါတယ်။
ပီရူးဟာ ပထ၀ီအနေအထားအရ သဘာဝမျိုးစိတ်တွေ မျိုးစုံ ကျင်လည်ကျက်စားတဲ့ ဒေသဖြစ်ပြီး ငါးဖမ်းလုပ်ငန်း ကျယ်ပြန့်လာတာနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာတဲ့ အခြေအနေအောက်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေကိုလည်း စီမံကိန်းတွေ ချမှတ်ပြီး ဆောင်ရွက်ရပါတယ်။