ရန်ကုန်မြို့နေရာအနှံ့အပြားတွင် ညဘက် ဆန္ဒထုတ်ဖော်

ရန်ကုန်၊ စမ်းချောင်းမြို့နယ်မှာ ဆန္ဒပြပြည်သူတွေ ပိတ်မိနေပြီးနောက် ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေနဲ့ ရပ်ကွက်တွေအတော်များများမှာ ပြည်သူတွေက မတ်လ ၈ ရက် ညဘက်မှာ ကြွေးကြော်သံတွေ ဟစ်ကြွေးပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတယ်။

စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းပတ်ဝန်းကျင်မှာ ရဲနဲ့စစ်တပ်က ဝိုင်းဝန်းပိတ်ဆို့ထားပြီး ရပ်ကွက်တွေထဲ အကြမ်းဖက် ဝင်ရောက်ရှာဖွေဖမ်းဆီးမှုတွေ ပြုလုပ်နေကြောင်း လူမှုကွန်ရက်မှတဆင့် သတင်းများ ပျံ့နှံ့လာပြီးနောက်  ရန်ကုန်တမြို့လုံးလိုလိုမှာ ပြည်သူတွေ အချိန်နဲ့ တပြေးညီ လမ်းပေါ်ထွက်ပြီး ညသန်းခေါင်ကျော် တစ်ညလုံးလိုလို ဆန္ဒပြခဲ့ကြတာပါ။

စမ်းချောင်းမြို့နယ်ထဲမှာ  ပိတ်မိနေတဲ့ ပြည်သူတွေကို ဝန်းရံတဲ့အနေနဲ့ ကြည့်မြင်တိုင်၊ လှိုင်၊ ကမာရွတ်၊ အင်းစိန်၊ ပုဇွန်တောင်၊ တာမွေ၊ ဗဟန်း၊  သာကေတ၊ ဒေါပုံ၊ အင်းစိန်၊ တောင်ဥပက္ကလာ၊ မြောက်ဥက္ကလာ၊ ဒဂုံမြို့သစ် စတဲ့ မြို့နယ်အသီးသီးက ပြည်သူတွေလည်း လမ်းပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။  

ဒေါပုံမြို့နယ်မှာတော့ ပြည်သူတွေ လမ်းထိပ်တွေပေါ်ထွက်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေချိန် ရဲနဲ့ စစ်တပ်က ရောက်ရှိလာပြီး အသံဗုံး ၁၀ လုံးခန့် ပစ်ဖောက်ခဲ့ပြီး ဈေးဆိုင်တချို့ကိုလည်း ဖျက်ဆီးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

ဒေါပုံပြည်သူတွေဟာ (ဂျပန်)တံတားကို စစ်တပ်နဲ့ ရဲတွေ မလာနိုင်အောင် ပိတ်ဆို့ထားသလို သာကေတမြို့နယ်က ပြည်သူတွေကလည်း ည ၉ နာရီခွဲလောက်က လမ်းပေါ်ထွက် ကြွေးကြော် ဆန္ဒထွက်ပြခဲ့ကြပါတယ်။

ရန်ကုန်တိုင်းအတွင်း စစ်တပ်အခြေစိုက်တဲ့ မင်္ဂလာဒုံမြို့နယ်မှာလည်း ပထမဆုံးအကြိမ် ပြည်သူလူထုတွေ အများဆုံး ညဘက်ဆန္ဒပြပွဲမှာ ပါဝင်လာပါတယ်။

လူငယ်တွေက ပြည်လမ်းမကြီးနဲ့ အမှတ် ၃ လမ်းမကြီးကို ဆက်သွယ်ထားတဲ့ ခရေပင်လမ်းမကြီးကို လမ်းပိတ်ဆန္ဒပြဖို့ ကြိုးစားခဲ့ကြပေမဲ့ စစ်ကားနဲ့ ရဲကားတွေက ခံတပ်မဆောက်လုပ်နိုင်ခင်မှာ ရောက်ရှိလာတဲ့အတွက် သပိတ်စစ်ကြောင်း လူကွဲခဲ့ရပါတယ်။

လှိုင်သာယာမြို့နယ်မှာတော့ ည ၁၁ နာရီ မိနစ် ၂၀ လောက်က  အမှတ် ၅ ရပ်ကွက် အဆင့်မြင့်လမ်းထိပ်မှာ ပစ်ခတ်မှုဖြစ်လို့ အနည်းဆုံး ပြည်သူ  ၂ ယောက် ဒဏ်ရာရရှိသွားပါတယ်။

စစ်ချောင်းမှာလည်း ပြည်သူတွေက မနက် ၅ နာရီလောက်အထိ ထိုင်သပိတ်ပြုလုပ် ဆန္ဒပြခဲ့ကြပြီး လူငယ်တချို့ ဖမ်းဆီးခံရတာရှိခဲ့ပါတယ်။

ရန်ကုန်မြို့ စမ်းချောင်းမှာရှိတဲ့ ဆန္ဒဖော်ထုတ်သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ တားဆီးပိတ်ဆို့ခြင်းမပြုဘဲ နေအိမ်သို့ ဘေးကင်းစွာ ပြန်ခွင့်ပြုဖို့ ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးနဲ့ ဥရောပသမဂ္ဂ အီးယူ သံရုံးတို့က မနေ့ညက ထုတ်ပြန် တောင်းဆိုလိုက်သလို စမ်းချောင်းမြို့နယ်ကနေ လုံခြုံရေးတပ်ဖွဲ့တွေ ထွက်ခွာပေးဖို့ အမေရိကန်သံရုံးနဲ့ ကနေဒါသံရုံးတို့ကလည်း ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up