ရေနံ၊ သဘာဝဓာတ်ငွေ့နှင့်ပတ်သက်သည့် ဥပဒေပြုရေး ဆွေးနွေးမည်
DVB
·
October 17, 2013
မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အမြောက်အမြား ထွက်ရှိပြီး နိုင်ငံခြား ၀င်ငွေလည်း နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီ ရနေပေမယ့် ရေနံ၊ သဘာဝ ဓာတ်ငွေ့ တွေနဲ့ ပတ်သက်ပြီး သီးခြားဥပဒေ ပြဋ္ဌာန်းထားတာ မရှိသေးတဲ့အတွက် ဥပဒေ ပြဋ္ဌာန်းဖို့ လို၊ မလို ဆွေးနွေးကြဖို့ အမျိုးသားလွှတ်တော်က လက်ခံလိုက်ပြီ ဖြစ်ပါတယ်။
အောက်တိုဘာ ၁၆ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ရန်ကုန်တိုင်းမဲဆန္ဒနယ် အမှတ် ၈ က အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြင့်ကြည်က “ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရှာဖွေရေးအတွက် လိုအပ်သော ဥပဒေများ ရေးဆွဲရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ဆွေးနွေးဖို့ လက်ခံလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ရေနံနဲ့ ဆိုင်တဲ့ဥပဒေတွေဟာ လွန်ခဲ့တဲ့ နှစ်ပါင်း ၅၀ ကျော်လောက် ကတည်းက ပြဋ္ဌာန်းခဲ့တာတွေမို့လို့ အခု ခေတ်အခြေအနေနဲ့ လျော်ညီအောင်၊ နိုင်ငံတကာဥပဒေတွေကို လေ့လာပြီး ရေးဆွဲသင့်တယ်လို့ သူက အမျိုးသားလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။