နမ့်ခမ်းမြို့ ဗုံး ၃ လုံး ပေါက်ကွဲ၊ ၁ ဦး သေဆုံး
နန်းမြနဒီ
·
October 17, 2013
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မှာ ဗုံး ၃ ကြိမ် ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁ ဦး သေဆုံးကာ လူငယ် ၁ ဦး ဒဏ်ရာရသွားပါတယ်။
အောက်တိုဘာ ၁၆ ရက်ညနဲ့ ၁၇ ရက်နေ့ မနက်က နမ့်ခမ်းမြို့ မိုခမ်းရပ်ကွက် မြို့လယ် ဘုရားကျောင်းနားမှာ စုစုပေါင်း ဗုံး ၃ ကြိမ် ပေါက်ကွဲပြီး စည်ပင်ဝန်ထမ်း ၁ ဦး ပွဲချင်းပြီး သေဆုံးကာ လူငယ် ၁ ဦး ဒဏ်ရာရသွားတယ်လို့ မျက်မြင်သက်သေ နမ့်ခမ်းဒေသခံ စိုင်းလောဝ်က ပြောပါတယ်။
မနေ့ညက ဗုံးပေါက်မှုမှာတော့ ထိခိုက်သူတဦးမှ မရှိဘဲ ဒီနေ့ မနက် သေဆုံးသူကတော့ အသက် ၃၀ ကျော်ရှိ ဦးအောင်ကိုဝင်းဆိုသူဖြစ်ပြီး မြင်းခြံမြို့နယ်ကနေ စည်ပင်သာယာဌာနမှာ အလုပ်လာလုပ်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး နမ့်ခမ်းမြို့နယ်ရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ မနေ့က ၁၀ နာရီကျော်မှာ ၁ ကြိမ်၊ ဒီနေ့ မနက် ၆ နာရီ နဲ့ ၇ နာရီကြား ၂ ကြိမ် စုစုပေါင်း ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ လူ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရကာ ဖြစ်စဉ်အသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲလို့ တာဝန်ကျရဲတဦးက ပြောပါတယ်။
အဲဒီအနီးတ၀ိုက် နောက်ထပ် ဗုံးတွေ ရှိနိုင်ကြောင်း တာဝန်ကျရဲတွေက ပြောဆိုပြီး ရှာဖွေရေးလုပ်ကာ လူတွေကို ဝေးဝေးနေဖို့လည်း တိုက်တွန်းထားပါတယ်။ ဗုံးခွဲတရားခံကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။ ဒီဖြစ်ရပ်ကြောင့် မြို့ထဲမှာ အသွားအလာ မပျက်ပေမယ့် မြို့ခံတွေ ထိတ်လန့်စိုးရွံ့မှုတွေ ရှိနေပါတယ်။
နမ့်ခမ်းဆေးရုံ ၀န်ထမ်းတဦးကတော့ ဒီမနက် ၇ နာရီ ခွဲလောက်မှာ ဒဏ်ရာနဲ့ လူ ၇ ဦး ရောက်ရှိလာတယ်လို့ ပြောပါတယ်။ နမ့်ခမ်းမြို့နယ်ထဲမှာ ဒီနှစ်ထဲ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း နမ့်တီး - မိုင်းဝီးသွား လမ်းပေါ်က လုံခြုံရေးရဲကင်းမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပြီး ရဲတပ်သား ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
အပြည့်အစုံ နားဆင်ရန်