Home
မြန်မာသတင်း
စစ်အုပ်စုကို ကြီးလေးသည့် အရေးယူမှုများပြုလုပ်ရန် လုံခြုံရေးကောင်စီထံ မြန်မာအမျိုးသမီးများအဖွဲ့ချုပ် တောင်းဆို
နန်းမြနဒီ
·
March 8, 2021

စစ်အာဏာရှင်စနစ်အဆုံးသတ်ရေး ဆန္ဒပြနေတဲ့ ပြည်သူတွေရဲ့ အသက်လုံခြုံမှုကို အကာအကွယ်ပေးဖို့အတွက်  စစ်အုပ်စုအပေါ်တိကျခိုင်မာပြီး ကြီးလေးတဲ့ အပြစ်ပေး အရေးယူဆောင်ရွက်ချက်တွေ ချက်ချင်းချမှတ်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ WLB ကတောင်းဆိုပါတယ်။ 

ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့မှာ မြန်မာပြည်က တိုင်းရင်းသားအမျိုးသမီးအဖွဲ့ပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ WLB က ထုတ်ပြန်ကြေညာတောင်းဆိုလိုက်တာဖြစ်ပါတယ်။  

ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နေ့စဉ်နဲ့အမျှ အကြမ်းဖက်သတ်ဖြတ်နေတဲ့ လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချပြီး အဲဒီမြန်မာစစ်တပ်ကိုလည်း အကြမ်းဖက်သမားအဖြစ် သတ်မှတ်ကြောင်း လည်း အမျိုးသမီးများအဖွဲ့ချုပ်ကြေညာပါတယ်။

WLB ပြောရေးဆိုခွင့်ရှိသူ မသွယ်ဇင်တိုးက “ကျမတို့ အမျိုးသမီးအဖွဲ့အချင်းချင်းကြားထဲမှာ နေ့တိုင်း ဘယ်ပြည်နယ် ဘယ်ဒေသမှာ ဘယ်လိုဖြစ်နေတယ် အမျိုးသမီးတွေဘယ်လို အကြမ်းဖက်ခံနေရတယ်ဆိုတာတွေကို ဆွေးနွေဖလှယ်မှုအမြဲတမ်းရှိတယ်။ စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ကာလမှာဆိုရင် နေရာ တိုင်းမှာရှိတဲ့ အမျိုးသမီးတွေရဲ့အကျပ်အတည်းကို ကျမတို့အဖွဲ့ထဲကနေရော ကွန်ရက်အဖွဲ့ တွေထဲကပါ သတင်းအချက်အလက်တွေရတာရှိတယ် ၊ အဲဒီအချက်တွေပေါ်မူတည်ပြီး စိန်ခေါ်ချက်ကို  ထုတ်ပြန်လိုက်တာပါ”လို့ ဒီဗွီဘီကိုပြောပါတယ်။

စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် နည်းမျိုးစုံနဲ့ တိုက်ပွဲဝင်သွားမယ်လို့လည်း အမျိုးသမီးအဖွဲ့ချုပ်က ပြောပါတယ်။ 

“ကျမတို့ကတော့ နည်းမျိုးစုံနဲ့ တတ်နိုင်တဲ့ဘက်ကနေပြီး တော်လှန်သွားမယ်။ အခုလက်ရှိ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပွဲတွေမှာရော၊ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ဖိအား ဖြစ်စေ မယ့် နိုင်ငံတကာက မဟာမိတ်ကွန်ရက်အဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်တာရှိတယ်။ ဒီကနေ့ နိုင်ငံတကာအမျိုးသမီးများနေ့မှာဆိုရင်လည်း အမျိုးသမီးအသုံးအဆောင်ပစ္စည်းတွေ ထုတ်ပြပြီး ဆန့်ကျင်တယ်။ ပြီးတော့ အဖြစ်အပျက်တွေကို မှတ်တမ်းတင်ပြီး  နိုင်ငံတကာက စစ်အာဏာ ရှင်ဆန့်ကျင်ရေးအဖွဲ့တွေဆီ သက်သေအဖြစ်ပို့ဆောင်ပြီး အတူပါဝင်ဆန့်ကျင်မယ်။ စစ်အာ ဏာရှင်ပြုတ်ကျဖို့ပေးလာတဲ့အခွင့်အလမ်းတွေကို အကုန်အသုံးပြုဆန့်ကျင်တော်လှန်သွားမယ်” လို့ WLB ပြောရေးဆိုခွင့်ရှိသူ မသွယ်ဇင်တိုးက ပြောပါတယ်။

ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့မှာ ဒေသအသီးသီးမှာရှိတဲ့ အမျိုးသမီးအဖွဲ့တွေ ဦးဆောင်ပြီး ထဘီကိုအလံထူကာ သပိတ်စစ်ကြောင်းကို အတူ တကွ ဆင်နွှဲဖို့ရှိနေပါတယ်။

စစ်အာဏာရှင်ကျဆုံးရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ဟာလည်း အရေးကြီးတဲ့ အင်အားတစ်ရပ်ဖြစ်ပြီး မိမိအနာဂတ်မျိုးဆက်သစ်အတွက် လုံခြုံစိတ်ချရတဲ့ လူ့အသိုင်းအဝိုင်း တစ်ခုဖန်တီးဖို့ မြန်မာပြည်တဝန်းရှိ  အမျိုးသမီးထုတစ်ရပ်လုံး မိမိတတ်နိုင်တဲ့ ဘက်က ဝိုင်းဝန်းတော်လှန်ကြဖို့ WLB က တိုက်တွန်းထားပါတယ်။ 

မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်(WLB)ဟာ  ကချင်၊ ကရင်၊ ကယား၊ ဗမာ၊ ထားဝယ်၊ ရှမ်း၊ ချင်း၊ ပလောင်၊ ပအိုဝ်း၊ မွန် အစရှိတဲ့ တိုင်းရင်းသူ အမျိုးသမီးအဖွဲ့ပေါင်း ၁၃ ဖွဲ့နဲ့ ချိတ်ဆက်ပြီး အမျိုးသမီးအရေးလှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024