ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မတ်လ ၈ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ရဲတပ်ဖွဲ့ရဲ့ ပိတ်ဆို့တားဆီးတာတွေကိုရှောင်ပြီး ရပ်ကွက်တွေထဲမှာ ပြည်သူလူထုတွေက ဆက်လက်ဆန္ဒပြနေကြပါတယ်။
စစ်အာဏာရှင် စနစ်ကျဆုံးရေးအတွက် ဒေသခံပြည်သူတွေက စစ်ကြောင်း ၂ ကြောင်းခွဲပြီး ရပ်ကွက် ၂ ခုမှာ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေနဲ့ပေါင်းပြီး ဆက်လက်ဆန္ဒပြနေတာလည်း ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က လူစုခွဲဖို့အတွက် ရဲကားတွေနဲ့ ရေအမြာက်ကားတွေနဲ့ လိုက်လာတဲ့အတွက် ရပ်ကွက်နေပြည်သူတွေက လမ်းတွေကို အတားဆီးတွေနဲ့ ပိတ်ဆို့တာတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်ကျဆုံးရေး ဒီမိုကရေစီပြန်လည်ရရှိရေး အတွက် ပုသိမ်မြို့မှာ ဖေဖော်ဝါရီ ၇ ရက်နေ့ကစတင်ကာ ဆန္ဒပြလာခဲ့တာဖြစ်ပြီး ဒီနေ့ဆိုရင် ရက် ၃၀ မြောက်ရှိပြီလည်းဖြစ်ပါတယ်။
ပုသိမ်မြို့ရှိ ကျောင်းတွေမှာ စစ်တပ်နေရာမယူနိုင်ဖို့ ပြည်သူတွေက လမ်းတွေကို အကာအရံတွေနဲ့ ပိတ်ဆိုထားသလို မြို့ပေါ်ရပ်ကွက်တွေမှာလည်း အတားအဆီးတွေ ပြုလုပ်ထားကြတယ်လို့ ပုသိမ်မြို့ခံတွေက ပြောပါတယ်။
မတ်လ ၇ ရက်က ပုသိမ်မြို့၊ အမှတ်( ၂၀၇) မူလတန်းကျောင်းမှာ စစ်တပ်က လာရောက်တပ်စွဲမယ့် သတင်းကြောင့် ဇေယျဝတီရပ်ကွက်နေပြည်သူတွေက လမ်းတွေကို ပိတ်ဆို့ထားခဲ့ပါတယ်။
မနေ့ညပိုင်းမှာ စစ်သား ၆ ယောက်လောက် ပုသိမ်တက္ကသိုလ်အတွင်း ရောက်ရှိနေကြတဲ့ အတွက် တပ်တွေထပ်မချဖို့ ကျောင်းသားတွေက သက်ဆိုင်ရာ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို ပြောဆိုခဲ့ပါတယ်။
မတ်လ ၆ ရက်နေ့ကလည်း ပုသိမ်မြို့၊ ဧရာမင်းဓမ္မာရုံမှာ စစ်သားတွေ တပ်ချထားတာကို ရပ်ကွက်နေ ပြည်သူတွေက လက်မခံလို့ ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။
မတ်လ ၆ ရက်နေ့ညနေမှာ အမှတ်(၉) အထက်တန်းကျောင်းနဲ့ တကောင်းဘုရားတို့မှာလည်း စစ်တပ်က စစ်သားတွေလာရောက် ပို့ဆောင်တပ်ချထားပါတယ်။