ပဲခူးမြို့ မဇင်းလမ်းထိပ်မှာ ဒီနေ့ မနက် ၉ နာရီဝန်းကျင်လောက်က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း လူစုနေစဥ် စစ်တပ်နဲ့ရဲတပ်ဖွဲ့က အင်အားအလုံးအရင်း နဲ့ ရောက်ရှိလာပြီး ဖြိုခွင်းခဲ့ပါတယ်။
သပိတ်စစ်ကြောင်းက ပဲခူးမဇင်းထိပ် အ.ထ.က ၅ ရှေ့မှာ လူစုနေစဥ် ရဲတပ်ဖွဲ့ကနေ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်တဲ့အတွက် ဗကသ၊ တကသ ကျောင်းသူကျောင်းသားတွေ၊ စက်ရုံဝန်ထမ်းတွေ ဝန်ထမ်းပေါင်းစုံသမဂ္ဂအဖွဲ့တွေ လူစုခွဲလိုက်ရပါတယ်။
မနက် ၁၀ နာရီကျော်တဲ့အထိ မဇင်းလမ်းထိပ်မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေက ပိတ်ဆို့ထားပါတယ်။ ဆန္ဒပြသူတွေကတော့ သူတို့ဆုတ်ခွာသွားတဲ့ လမ်းတွေဘက်မှာ နောက်ကနေ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ လိုက်မလာနိုင်အောင်လို့ လမ်းတွေကို ကာရံပိတ်ဆို့ထားသလို ထဘီတွေကိုလည်း လမ်းပေါ်မှာ ကြိုးတန်းချိတ်ဆွဲထားကြပါတယ်။