ရန်ကုန်၊ ရွှေပြည်သာမြို့နယ်မှာ ဒီနေ့ ဆန္ဒပြနေသူတွေကို လက်နက်ကိုင် ရဲနဲ့စစ်တပ်က အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးလို့ အနည်းဆုံး လူ ၅၀ ကျော်ဖမ်းခံလိုက်ရပါတယ်။
မနေ့က ရွှေပြည်သာ ထန်းခြောက်ပင်မှာ လုပ်ထားတဲ့ အရံအတားတွေကို ရဲနဲ့ စစ်တပ်က လာရောက်ဖျက်ဆီးထားလို့ ဒီနေ့မှာတော့ အဲဒီနေရာမှာ မပြကြဘဲ ချစ်ကောင်းလမ်းဘက်မှာ ထိုင်သပိတ်လုပ်နေကြတာပါ။
“၈၁ မှတ်တိုင်ဘက် လမ်းလျှောက်တဲ့အဖွဲ့တွေလည်း ဒီဘက်မှာ ထိုင်သပိတ်ရှိတော့ ချစ်ကောင်းဘက်ကို ပြန်လာစုတယ်။ နေ့လယ် ၂ နာရီကျော်လောက်မှာတော့ အနောက်ဘက်ကနေ ရဲနဲ့ စစ်သားတွေ ဝင်လာပြီး ပိတ်ဖမ်းကြတယ်။ ရာဘာကျည်တွေနဲ့လည်း ပစ်တယ်။ ရဲနဲ့ စစ်သား အယောက် ၅၀ လောက်ရှိတယ်။ အဲဒီမှာ ဖမ်းခံရတာ ဖြစ်နိုင်ချေကတော့ မိန်းကလေး တော်တော်များမယ်” လို့ ထိုင်သပိတ်မှာ ပါဝင်သူတယောက်က ပြောပါတယ်။
ရဲနဲ့စစ်သားတွေဟာ အဲဒီက စားသောက်ဆိုင်တခုကိုဝင်ပြီး အစားအစာတွေ စားသလို ဆိုင်ရှင်ကိုလည်း ပစ်ခတ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောကြပြီး အတည်ပြုလို့တော့ မရသေးပါဘူး။
ရပ်ကွက်ထဲကို ဆန္ဒပြသူတွေ တိမ်းရှောင်နေတုန်း ရဲနဲ့ စစ်သားတွေဟာ လမ်းတွေ အိမ်တွေထဲကို ပစ်ခတ်လို့ အိမ်တော်တော်များများလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ ကျောင်း အုတ်တံတိုင်းတခုကိုလည်း ဖျက်ဆီးသွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီဒေသခံတယောက်က “ဘုရင့်နောင်လမ်းရော တခြားလမ်းတွေရောက ဝင်လာပြီး အသံဗုံးတွေပစ်တယ်။ ရပ်ကွက်တွေထဲကို လည်း ဝင်ဖမ်းတယ်။ ချစ်ကောင်း(လမ်း)ဘက်မှာ ဖမ်းခံရတာ အချုပ်ကား ၃ စီးအပြည့်ပဲ၊ လူ ၅၀ ကတော့ ကျော်မယ်” လို့ ပြောပါတယ်။
ဒါကြောင့် ရပ်ကွက်ထဲက လူတွေထွက်လာပြီး ဆန္ဒပြကြတာကြောင့် ရဲနဲ့ စစ်သားတွေက အငွေ့ဗုံးတွေနဲ့ပစ်ပြီး ပတ္တမြားဈေးဘက်ကို ပြန်ဆုတ်သွားတယ်လို့ ပြောကြပါတယ်။
ရပ်ကွက်က ပြည်သူတွေဟာ သူတို့ဆုတ်ရာနောက်ကိုလိုက်ပြီး ဖမ်းထားသူတွေ ပြန်လွှတ်ဖို့ တောင်းဆိုခဲ့ပါသေးတယ်။ ဒါပေမဲ့ ရဲတွေက သေနတ်နဲ့ချိန် ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီနောက် ရွှေပြည်သာသပိတ်ကို ဖြိုခွင်းတဲ့ ရဲနဲ့ စစ်သားတွေဟာ ထန်းခြောက်ပင်ဘက်ကို သွားစုပြီး ညနေ ၅ နာရီခွဲလောက်မှာတော့ ရွှေပြည်သာကွေ့ဘက်ကို ထွက်သွားတယ်လို့ ဆိုပါတယ်။
ဒီညနေပိုင်းမှာတော့ အင်းစိန်ထောင်ကိုသွားပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုကြတယ်လို့လည်း ဒေသခံတယောက်က ပြောပါတယ်။