Home
မြန်မာသတင်း
မြန်မာစစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုများ အရေးယူပေးရန် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကို တောင်းဆို
ဇော်ဇော်လှိုင်
·
March 7, 2021

မြန်မာစစ်တပ်က လက်နက်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်နေတာကို ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တားဆီးအရေးယူဖိအားပေးဖို့  တိုကျိုမြို့ အိချီဂယရှိ ဂျပန်နိုင်ငံဝန်ကြီးဌာနရှေ့မှာ ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေ ဒီနေ့ညနေက သွားရောက်တောင်းဆိုခဲ့ကြပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ မြန်မာစစ်တပ်နဲ့ နီးနီးကပ်ကပ်ဆက်ဆံရေး လမ်းကြောင်းတွေရှိနေတာကြောင့် အခုလို လာရောက်တောင်းဆိုကြတာလို့ ဦးဆောင်သူတဦးဖြစ်တဲ့ ဒေါက်တာ ခင်ဇေယျာမြင့်က ဒီဗွီဘီကို ပြောပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီးမစ္စတာ Nobuo Kishi ဆီ အိတ်ဖွင့်ပေးစာတစောင်ကို ပေးအပ်ခဲ့ပြီး ဝန်ကြီးကိုယ်စား တာဝန်ရှိသူအရာရှိတဦးက လက်ခံယူခဲ့ပါတယ်။

အိတ်ဖွင့်ပေးစာထဲမှာတော့ လက်ရှိမြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြနေသူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ မြန်မာစစ်တပ်ကို တားဆီးပိတ်ပင်ဖိအားပေးဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် တရားမဝင်ဖမ်းဆီးထိန်းသိမ်းထားသူတွေ ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်အတိုင်းဆောင်ရွက်စေဖို့အတွက် ထုတ်ပြန်ကြေညာပေးဖို့နဲ့ မြန်မာစစ်တပ်ကို ထောက်ပံ့ကူညီမှုတွေ မလုပ်ဖို့ ပါဝင်တယ်လို့ ဒေါက်တာ ခင်ဇေယျာမြင့်က ဆိုပါတယ်။

ဂျပန်နိုင်ငံက မြန်မာစစ်တပ်ကို အဆင့်မြင်နည်းပညာသင်တန်းတွေ အပါအဝင် အထောက်အပံ့ အကူအညီ အများအပြားပေးနေတာမို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ မြန်မာစစ်တပ်ကို ပိုမိုအားကောင်းစေမယ့် အကူအညီမပေးမိစေဖို့နဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒကို တသားထည်းဖြစ်စေချင်လို့ အခုလို လာရောက်တောင်းဆိုရတာလို့ ဦးဆောင်သူတဦးဖြစ်တဲ့ တိုကျိုမြို့နေ မသီရီသစ္စာက ဒီဗွီဘီကို ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024