Home
မြန်မာသတင်း
အမျိုးသမီး ဗိုလ်လောင်း ရွေးမည်
ရွှေအောင်
·
October 16, 2013
နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း မြန်မာစစ်တပ်က အမျိုးသမီးစစ်ဗိုလ်တွေ ပထမဆုံးအကြိမ် မွေးထုတ်ဖို့ သင်တန်းခေါ်ယူလိုက်ပါတယ်။ မြန်မာ့တပ်မတော်မှာ အရာရှိအဆင့်က စတင်တာဝန်ထမ်းဆောင်ဖို့အတွက် အသက် ၃၀ အောက် ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းတွေ အလိုရှိတယ်လို့ စစ်ရာထူးခန့်ချုပ်ရုံးက သတင်းစာထဲကြော်ငြာထည့်ပြီး ခေါ်ယူလိုက်တာပါ။ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ လုပ်တာလို့ ပြောပါတယ်။ “ဟိုးအရင်တုန်းက ရှိခဲ့တယ်။ အခုတပ်ချုပ်လက်ထက်မှာ ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ ပြန်လုပ်တာပါ။” လျှောက်ထားသူ အမျိုးသမီးတွေဟာ အိမ်ထောင်မရှိသူ အပျိုဖြစ်ရမှာဖြစ်ပြီး အရာရှိသင်တန်း ၆ လ တက်ရောက်ရမယ်လို့ ဆိုပါတယ်။ ဘွဲ့ရအမျိုးသမီးတွေအပြင် မဟာဘွဲ့ရနဲ့ ပါရဂူဘွဲ့ရ အမျိုးသမီးတွေပါ လျှောက်ထားနိုင်ကြပြီး ဗိုလ်လောင်းသင်တန်း တက်ရောက်အောင်မြင်ရင် ဒုဗိုလ်၊ ဗိုလ်အဆင့်အဖြစ် စတင် ခန့်အပ်သွားမှာ ဖြစ်ပါတယ်။ အမျိုးသမီးအရာရှိ စစ်ဗိုလ်တွေအပြင် တခြားအဆင့် အကြပ်စစ်သည်အမျိုးသမီးတွေ ဆက်လက်ခေါ်ယူသွားဖို့ ရှိတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။ မြန်မာနိုင်ငံမှာ စစ်တက္ကသိုလ် (ဒီအက်စ်အေ) နဲ့ ဘွဲရပြီးသူတွေ တက်ရတဲ့ အိုတီအက်စ်လို့ ခေါ်တဲ့ ဗိုလ်သင်တန်းကျောင်းတွေကနေ အမျိုးသားဗိုလ်လောင်းတွေ မွေးထုတ်ပေးနေပေမယ့် ခုလို အမျိုးသမီး ဗိုလ်လောင်းတွေ သင်တန်းခေါ်ယူတာတော့ ဆယ်စုနှစ် ၅ ခုလောက်အတွင်း ပထမဆုံး ဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးကတော့ ၁၉၅၀ ကျော်ကာလ တွေတုန်းကလည်း အမျိုးသမီးအရာရှိတွေ ခေါ်ယူ သင်တန်းပေးခဲ့ဖူးတယ်လို့ ပြောပါတယ်။ “၁၉၅၆-၅၇ ကာလတုန်းကတော့ အမျိုးသမီးတပ်ဖွဲ့တွေ ခေါ်တယ်။ ဗိုလ်ချုပ်ကြီး မောင်မောင်တို့ ရှိတုန်းက။ အမျိုးသမီးတွေကို ခေါ်ပြီးတော့ တိုက်ရိုက်ကော်မရှင်ပေါ့။ အထူးသဖြင့် တက္ကသိုလ်ဘွဲ့ရပြီးတဲ့ အမျိုးသမီးတွေ ခေါ်တာရှိတယ်။ ဒါပေမယ့် ဒီဟာက နည်းနည်း နည်းနည်း ခေါ်ပြီးတော့ တပ်က ကျနော်ထွက်ပြီးတော့ သိပ်ခေါ်တာမရှိဘူး။ အရင်ရှိတဲ့ဟာတွေကိုပဲ ထိန်းသိမ်းပြီးတော့ သွားတာ တွေ့တယ်။” အရင်က သင်တန်း ၃ ခုလောက် ခေါ်ခဲ့ဖူးပြီး အမျိုးသမီးအရာရှိ ၃၀ လောက် တက်ရောက်ခဲ့ဖူးတယ်လို့ မှတ်မိသလောက် ပြောပြပါတယ်။ ခုလိုအမျိုးသမီး ဗိုလ်လောင်းတွေ ခေါ်ယူမှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါ်ညိုညိုသင်းက တပ်မတော်သားလွှတ်တော်အမတ်တွေထဲ အမျိုးသမီးတွေ ပါဝင်လာနိုင်ဖို့ရှိတာမို့ ကြိုဆိုတယ်လို့ ပြောပါတယ်။ “ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲ ထည့်ထားတာ။ တပ်မတော်သားကိုယ်စားလှယ်တွေက အမြဲတမ်း အမျိုးသားတွေပဲ ဖြစ်နေတယ်။ တခြားနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေထဲမှာက အမျိုးသမီး ကိုယ်စားလှယ် ၃၀ ရာခိုင်နှုန်းကို မဖြစ်မနေ ထည့်ထားပေးတာ ရှိတယ်။ အဲတော့ ကျမတို့က ပြောင်းပြန်၊ အမျိုးသားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း သီးသန့် ချန်ထားပေးရသလို ဖြစ်နေတယ်။ အခုလို အမျိုးသမီး စစ်ဗိုလ်တွေ ပေါ်လာမယ်ဆိုရင် နောက်လွှတ်တော် တပ်မတော်ကပို့တဲ့ ကိုယ်စားလှယ်တွေထဲမှာ အမျိုးသမီးတွေလည်း ပါဝင်လာနိုင်တယ်လို့ မျှော်လင့်တယ်။ ဒါကြောင့် ကြိုဆိုပါတယ်။” အမျိုးသမီးအရာရှိ စစ်သည်သင်တန်း တက်ရောက်ဖို့ အရေအတွက် ဘယ်လောက် ခေါ်ယူသွားမယ်၊ ဘယ်မှာ သင်တန်းပေးမယ်ဆိုတာနဲ့ ကျောင်းဆင်းတွေကို အမျိုးသမီးစစ်ဗိုလ် တွေကို ရှေ့တန်းစစ်မျက်နှာကို ပို့ဆောင်မလား၊ မပို့ဆောင်ဖူးလားဆိုတာတွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024