မြန်မာနိုင်ငံတွင် အမေရိကန်နိုင်ငံသားများ လုံခြုံရေးသတိရှိရန် တိုက်တွန်း
DVB
·
October 16, 2013
လတ်တလောဖြစ်ပွားနေတဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် မြန်မာနိုင်ငံတွင်း နေထိုင် ခရီးသွားလာကြတဲ့ အမေရိကန်နိုင်ငံသားတွေကို လုံခြုံရေးသတိ ရှိကြဖို့ မနေ့က အရေးပေါ်ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မန္တလေး၊ တောင်ငူ၊ စစ်ကိုင်းနဲ့ ရန်ကုန်တိုင်းက အင်းစိန်၊ သာကေတနဲ့ အလုံမြို့နယ်တွေမှာ အိမ်လုပ်ဗုံးတွေ ထောင်ထားပြီး တချို့ ပေါက်ကွဲပြီး၊ တချို့ ဗုံးတွေ ထောင်ထားတာကို ရှာဖွေတွေ့ရှိပြီး ဖယ်ရှားရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဖြစ်ရပ်တွေမှာ လူ ၂ ဦး သေဆုံးပြီး တချို့လူတွေ ထိခိုက်ဒဏ်ရာ ရသွားကြောင်းနဲ့ အောက်တိုဘာလ ၁၅ ရက် ညသန်းခေါင်လောက်မှာ ရန်ကုန်က ထရိတ်ဒါးဟိုတယ်မှာ ပေါက်ကွဲခဲ့တဲ့ဗုံးကြောင့် အမေရိကန်ခရီးသည်တဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒီ အိမ်လုပ်ဗုံးတွေဟာ အမေရိကန်ပြည်သူတွေကို ရည်ရွယ်တိုက်ခိုက်ဖို့ လုပ်ဆောင်ထား တာမျိုး မဟုတ်ပေမယ့် အမေရိကန်ပြည်သူအားလုံး ရန်ကုန်နဲ့ မြန်မာပြည်တွင်း သွားလာနေကြစဉ်အတွင်း သတိထားကြဖို့ သံရုံးက တိုက်တွန်းထားတာ ဖြစ်ပါတယ်။
ပန်းခြံတွေ၊ ဈေးတွေနဲ့ ကားမှတ်တိုင်တွေစတဲ့ အများပြည်သူ သွားလာတတ်တဲ့ နေရာတွေမှာ အထူးသတိထားဖို့လည်း မှာထားပါတယ်။ သံသယဖြစ်ရာ တစုံတရာတွေ့ရှိရင်လည်း သက်ဆိုင်ရာ အာဏာပိုင်တွေကို ပြောပြပြီး ဖြစ်နိုင်ရင် အဲဒီလိုနေရာကနေ အမြန်ထွက်ခွာဖို့လည်း ထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ်။
ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်က အခြေအနေတွေ၊ ဒေသတွင်း ဖြစ်ရပ်တွေနဲ့ နောက်ဆုံးရ သတင်းတွေကို အမြဲစောင့်ကြည့် နားထောင်နေဖို့နဲ့ အမေရိကန်ပြည်ထောင်စု ခရီးသွားဝက်ဘ်ဆိုဒ်မှာ နောက်ဆုံးရ လုံခြုံရေး အသိပေးချက်တွေ တင်ထားမယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။