ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၈ ရပ်ကွက် တဂေါင်းဘုရား စေတီအနီးမှာ မတ်လ ၇ ရက်နေ့ မွန်းလွဲပိုင်းက ဆန္ဒပြ ပြည်သူတွေကို ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ် ဖြိုခွင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တဂေါင်းဘုရားစေတီဝန်းအတွင်း စစ်တပ်လာရောက်တပ်စွဲတဲ့အပေါ် ကန့်ကွက်ဆန္ဒပြသူတချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာကြောင့် ပြန်လွှတ်ပေးဖို့ တောင်းဆိုရာကနေ ခုလို ပစ်ခတ်ဖြိုခွင်းခံရတာလို့ ပြောပါတယ်။
ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြ ခေါင်းဆောင်တချို့ ညှိနှိုင်းတာတွေ ပြုလုပ်ပြီး ပြန်လွှတ်ပေးဖို့ ပြုလုပ်နေချိန်မှာ ဆန္ဒပြလူအုပ်ဘေးက လူအချို့က လေးခွတွေနဲ့ပစ်ခဲ့လို့ ရဲတပ်ဖွဲ့က သေနတ်ပစ်ဖြိုခွင်းခဲ့တာလို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ ပစ်လို့ ဆန္ဒပြတဲ့လူတွေထဲက အမျိုးသား ၂ ဦးမှာ ၁ ဦး ကျောဘက်ထိမှန်ခဲ့ပြီး နောက် ၁ ဦးကတော့ မျက်နှာ နှာခေါင်းအပေါ်ကို ထိမှန်ခဲ့ကာ ဆေးအကူအဖွဲ့က ကူညီပေးခဲ့ရပြီး ၁ ဦးကတော့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
သေနတ်ပစ်ဖြိုခွင်းတာတွေ ပြုလုပ်အပြီးမှာ ရဲတပ်ဖွဲ့က နောက်ဆုတ်ပေးသွားသလို ဆန္ဒပြ ပြည်သူတွေကလည်း လူစုခွဲပြီး ပြန်သွားတာ တွေ့ရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ သေနတ်ပစ်ဖြိုခွင်းတာတွေ ပြုလုပ်ခဲ့ပေမယ့် ပုသိမ်မြို့မှာ မတ်လ ၇ ရက်နေ့ မနက်ပိုင်းကလည်း စစ်ကြောင်း ၃ ကြောင်းနဲ့ နေရာ ၃ ခုက လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။