မုန်တိုင်းကြောင့် ဂျပန်တွင် ၁၃ ဦး သေဆုံး၊ ၃၀ ကျော် ပျောက်ဆုံး

1K
ဂျပန်နိုင်ငံ တိုကျိုမှာ တိုက်ခတ်ခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်း ၀ီဖာကြောင့် လူ ၁၃ ယောက် သေဆုံးသွားပြီး လူ ၃၀ ကျော် ပျောက်ဆုံးနေတဲ့အပြင် လူပေါင်း ၂ သောင်းလောက်ကို ဘေးလွတ်ရာနေရာတွေဆီ ရွှေ့ပြောင်းကြဖို့ အစိုးရက ဒီနေ့ အမိန့်ထုတ်ခဲ့ပါတယ်။
လူပေါင်း သန်း ၃၀ လောက် နေထိုင်ကြတဲ့ တိုကျိုမြို့တော်ကို တိုက်ခတ်လာတဲ့ မုန်တိုင်းဟာ မနက်ပိုင်း ရုံးချိန်၊ ကျောင်းချိန်နဲ့ လူစည်ကားချိန်မှာပဲ ဟာရီကိန်းလောက် အင်အားရှိတဲ့လေတွေ တိုက်ခတ်ခဲ့ပြီး မိုးတွေလည်း သဲသဲမဲမဲ ရွာသွန်းခဲ့တာကြောင့် ရထားပြေးဆွဲတာတွေတောင် ရပ်နားခဲ့ရပါတယ်။
မုန်တိုင်းကြောင့် တိုကျိုမြို့တောင်ဘက် ကီလိုမီတာ ၁၂၀ အကွာက အိဇုအိုရှိမကျွန်းမှာ တောင်တွေကနေ ၁ မိုင်ကျော်ကျော်လောက်အထိကို ရှည်လျားတဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူ ၁၃ ယောက် သေဆုံးခဲ့ပါတယ်။
ဂျပန်အစိုးရကတော့ တိုင်ဖွန်းမုန်တိုင်းရဲ့ နောက်ဆက်တွဲအခြေအနေတွေကို ဖြေရှင်းဆောင်ရွက်ဖို့ အရေးပေါ်အဖွဲ့တဖွဲ့ကို ဖွဲ့စည်းထားတယ်လို့ ပြောပါတယ်။
တိုကျိုအနောက်ပိုင်းမှာတော့ အမျိုးသမီးတဦး မြစ်ထဲမျောပါသွားပြီး တနိုင်ငံလုံး အတိုင်းအတာအရ လူ ၃၇ ယောက် ပျောက်ဆုံးနေတယ်လို့ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ယိုရှိဟိဒဲဆုဂက ပြောပါတယ်။ မြေပြိုကျတာတွေနဲ့ လေထဲလွင့်လာတဲ့ အရာဝတ္ထုတွေနဲ့ ထိခိုက်မိလို့ အသေးစား ဒဏ်ရာရကြသူတွေလည်း များပြားပါတယ်။
ဝီဖာအမည်ရ တိုင်ဖုန်းမုန်တိုင်းကြောင့် တိုကျိုမြို့တော်အတွင်း တချို့လမ်းတွေမှာ ရေလျှံနေပြီး အပျက်အစီးသတင်းတွေ ထုတ်ပြန်တာ သိပ်မရှိသေးပါဘူး။
ဂျပန်နိုင်ငံရဲ့ ပစိဖိတ်ကမ်းရိုးတန်းဆီ ရွှေ့လျားသွားတဲ့ တိုင်ဖုန်းမုန်တိုင်း ၀ီဖာဟာ တိုကျိုမြို့တော် မြောက်ဘက်ရှိ ဖူကူရှီးမား နျူးကလီယားစက်ရုံဟောင်းအနီးကနေ ဖြတ်ကျော်တိုက်ခတ်သွားပါတယ်။
ဒါကြောင့် ရေဒီယိုသတ္တိကြွ အရည်တွေ သိုလှောင်ထားတဲ့ တိုင်ကီ ၁ ထောင်လောက်ရဲ့ အောက်ခြေက အကာအကွယ် လုပ်ဆောင်ထားတဲ့ ကွန်တိန်နာသေတ္တာကြီးတွေရဲ့အပြင်ဘက်က မိုးရေတွေကို စုပ်ထုပ်နေရတယ်လို့ ဖူကူရှီးမားစက်ရုံဝန်ထမ်းတွေက ပြောပါတယ်။
တိုင်ကီအလွတ်တွေထဲက ရေတွေကို စုပ်ထုတ်ပြီး ရေဒီယိုသတ္တိကြွ စွမ်းရည်တွေကို စစ်ဆေးပြီး အဆိပ်အတောက် ကင်းရှင်းတယ်ဆိုရင် ပင်လယ်ထဲကို လွှတ်ထုတ်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မုန်တိုင်းဗဟိုမှာ ၁ နာရီ ၇၈ မိုင်နှုန်းနဲ့ တိုက်ခတ်နေပြီး ၁ နာရီ ၁၁၂ မိုင်နှုန်းအထိ လေပြင်းတိုက်ခတ်နေတဲ့ ၀ီဖာတိုင်ဖုန်းဟာ ဒီနေ့ အားပျော့သွားမယ်လို့ မျှော်လင့်ထားပါတယ်။