တာဝန်ကျေပွန်စွာ ထမ်းဆောင်တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ချီးမြှင့်မြောက်စားမှုတွေနဲ့ ပေးနိုင်တဲ့ ထောက်ပံ့ကြေးတွေ ဆက်ပေးမယ်လို့ အာဏာသိမ်းစစ်ကောင်စီက အမိန့်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ အာဏာသိမ်း စစ်ကောင်စီရဲ့ အမှတ်စဉ် ၂/၂၀၂၁ အစည်းအဝေးအရ ပညာရေးဝန်ထမ်းတွေဆီ မတ်လ ၃ ရက်နေ့က အကြောင်းကြားလာတာလို့ သိရပါတယ်။
ဝန်ထမ်းတွေ နိုင်ငံရေး လှုပ်ရှားမှု ပြုလုပ်ပါက ထိုက်သင့်တဲ့ အရေးယူမှုတွေ ပြုလုပ်မှာ ဖြစ်ပြီး၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ချီးမြှင့်မြှောက်စားမှု ပြုလုပ်ဖို့၊ ပေးနိုင်မယ့် ထောက်ပံ့ကြေးတွေကို ဆက်ပေးသွားဖို့၊ CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး တာဝန်ထမ်းဆောင်ဖို့ ပျက်ကွက်သူတွေကို အရေးယူသွားမယ်ဆိုပြီး အမိန့်စာမှာ ပါရှိပါတယ်။
ဆောင်ရွက်ပြီးစီးမှုတွေကို မတ်လ ၅ ရက်နေ့မှာ ပြန်တင်ပြဖို့ ပညာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ် ရဲလင်းမြင့်ရဲ့ လက်မှတ်နဲ့ လျှို့ဝှက်စာအဖြစ် ညွှန်ကြားချက်ရောက်ရှိလာတယ်လို့ သိရပါတယ်။
စစ်ကောင်စီက ပညာရေးဝန်ထမ်းတွေ ရုံးလုပ်ငန်း ပြန်လုပ်ကြဖို့ အကြိမ်ကြိမ်ဖိအားပေး ညွှန်ကြားနေပေမယ့် ပညာရေးဝန်ထမ်းတွေကတော့ လိုက်နာမှု အားနည်းနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက CRPH က ခန့်အပ်တာဝန်ပေးထားတဲ့ ပညာရေးဝန်ကြီးအသစ် ဒေါက်တာဇော်ဝေစိုးက CDM မလုပ်ဆောင်ရသေးတဲ့ ပညာရေးဝန်ထမ်းတွေ CDM လုပ်ဆောင်ကြဖို့ သုံးရက် အချိန်ပေးထားတယ်ဆိုတဲ့ စာထွက်ပေါ်လာပြီးနောက်မှာ ပညာရေးဝန်ထမ်းအများအပြား CDM လုပ်ဆောင်မယ့် စာရင်းပေးခဲ့ကြတယ်လို့ သိရပါတယ်။