ရှမ်းပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်ဟာ ရန်ကုန်မြို့မှာ မနေ့ညက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ နီးစပ်သူက ပြောပါတယ်။
“ဦးစိုးညွန့်လွင်နဲ့အတူ ဦးရဲလှိုင်တို့ကို သူတို့ကို ရှောင်တိမ်းနေတဲ့ နေရာမှာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်တယ်။ ဦးစိုးညွန့်လွင်ကို ဖမ်းဆီးဖို့ ရှောင်တိမ်းတဲ့ နေရာမှာ သုံးကြိမ်တိုင် ရှာဖွေခဲ့တယ်” လို့ ဦးစိုးညွန့်လွင်နဲ့ နီးစပ်သူတစ်ဦးက အတည်ပြု ပြောဆိုလိုက်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဦးစိုးညွန့်လွင်ကို ဖမ်းဆီးတာမှာ နှစ်ကြိမ်မြောက် ဖြစ်ပါတယ်။
တပ်မတော်က နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်အပါအဝင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးခဲ့ပေမယ့် ထပ်မံဖမ်းဆီးလိုက်တာပါ။
ဦးစိုးညွန့်လွင်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်လွှတ်တော်၊ တောင်ကြီးမြို့နယ်၊ အမှတ်(၁)မဲဆန္ဒနယ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲအပြတ်အသတ်နဲ့ အနိုင်ရရှိထားသူ ဖြစ်ပါတယ်။