စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့တဲ့ မန္တလေးမြို့က မကြယ်စင် ခေါ် ကျားရှီးရဲ့ ရုပ်အလောင်း မြှုပ်နှံထားရာ အုတ်ဂူကို မတ် ၅ ရက်နေ့ ညနေပိုင်းမှာ စစ်တပ်က လာရောက်တူးဖော်စစ်ဆေးခဲ့ပြီး ရုပ်အလောင်းကို ပြန်ထည့်ထားခဲ့တယ်လို့ သေဆုံးသူ ကြယ်စင်ရဲ့ သူငယ်ချင်းတွေက ပြောပါတယ်။
မတ်လ ၃ ရက်နေ့ နေ့လယ်ပိုင်းက အသက် ၁၉ နှစ်အရွယ် မကြယ်စင်ဟာ ဦးခေါင်းကို ကျည်ထိကာ သေဆုံးခဲ့တာဖြစ်ပြီး မတ်လ ၄ ရက်နေ့က သင်္ဂြိုဟ်ခဲ့တာ ဖြစ်ပါတယ်။
သူမရဲ့ နာရေးအခမ်းအနားကို လူသောင်းချီ လိုက်ပါပို့ဆောင်ခဲ့ကြတဲ့အပြင် သင်္ချိုင်းကို သွားရာလမ်းတလျှောက်က ကျေးရွာနေပြည်သူတွေကလည်း ထွက်ပြီး ဂါရဝပြုခဲ့ကြပါတယ်။
မတ်လ ၅ ရက်နေ့ ညနေ ၄ နာရီခွဲလောက်မှာ စစ်တပ်က လာရောက်ပြီး ယူနန်သင်္ချိုင်းဝင်ပေါက်ကို ပိတ်ကာ ကျဆုံးသူရဲ့ ရုပ်အလောင်းကို ဖော်ယူခွဲစိတ်မှုတွေ လုပ်ခဲ့ပြီး ပြန်မြှုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
“အကုန်လုံးကို လှန်သွားတယ်၊ ပြီးတော့ခါကျတော့ ခေါင်းခွဲလိုက်တယ်၊ ခေါင်းခွဲပြီးတော့မှ သူတို့ စစ်စရာရှိတာ သေချာစစ်တယ်ပေါ့၊ စစ်ပြီးတော့မှ သူ ပြန်ချုပ်စရာရှိတာ ချုပ်ပြီးတော့ ပြန်ထည့်ပေးတယ်၊ ပြန်ထည့်ပြီးတော့ အင်္ဂတေကိုင်ပေးတယ်၊ အင်္ဂတေက ပြန်တောင် မခြောက်သေးဘူးဗျ” လို့ ကြယ်စင်ရဲ့ သူငယ်ချင်းတစ်ဦးက ပြောပါတယ်။
မတ်လ ၅ ရက်နေ့ တစ်နေကုန်နီးပါးထိ ယူနန်သင်္ချိုင်းအတွင်းမှာ မကြယ်စင်ရဲ့ မိဘနှစ်ဦးနဲ့အတူ ဦးလေးဖြစ်သူလည်း ရှိနေခဲ့ပြီး မိဘနှစ်ဦး ပြန်သွားချိန်မှာ စစ်တပ်က အခုလို ရောက်ရှိလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ကျန်ခဲ့တဲ့ သူမရဲ့ ဦးလေးနဲ့လည်း အဆက်အသွယ် အတိအကျမရသေးဘူးလို့ ကြယ်စင်ရဲ့ သူငယ်ချင်းတွေက ပြောပါတယ်။
ရုပ်အလောင်းကို စစ်တပ်က လာရောက် တူးဖော်ချိန်မှာ ယူနန်သင်္ချိုင်းကို အဝင်တံခါးပိတ်ထားခဲ့ပြီး သင်္ချိုင်းအနီး ကျေးရွာတွေက ဝိုင်းထားခဲ့ကြတယ်လို့လည်း သိရပါတယ်။
လာကြည့်တဲ့ ရွာသားတွေထဲက ဓာတ်ပုံရိုက်သူတွေကိုလည်း လိုက်လံဖမ်းဆီးဖို့ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။