မန္တလေးတိုင်း မိတ္ထီလာမြို့မှာ မတ်လ ၅ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်က စစ်ဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေကို သေနတ်ပစ်ဖောက် ဖြိုခွင်းခဲ့ပြီးနောက် ဖမ်းဆီးသွားသူ ၂ ဦးကို ညနေပိုင်းမှာ ခံဝန်နဲ့ ပြန်လွှတ်လိုက်တယ်လို့ သိရပါတယ်။
"နန်းတော်ကုန်းမီးပွိုင့်နားမှာ ဆန္ဒပြသူတွေ တက်လာတာ သေနတ်ပစ်ဖောက်ပြီး ဆန္ဒပြသူတွေကို ဖြိုခွဲတယ်။ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ အလဲဗင်းသတင်းထောက်တစ်ဦးနဲ့ အမည်မသိတစ်ဦးကိုတော့ ဖမ်းဆီးသွားတာ တွေ့ရတယ်။"
ဖမ်းဆီး ခေါ်ဆောင်ခံရသူ ၂ ဦးကတော့ အလဲဗင်းသတင်းထောက်ကိုဝဏ္ဏစိုးနဲ့ ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်က ကိုစိုးမိုးတို့ ဖြစ်ပြီး ခံဝန်လက်မှတ်ထိုးခိုင်းကာ ပြန်လွှတ်လိုက်တယ်လို့ အလဲဗင်းသတင်းထောက် ကိုဝဏ္ဏစိုးက ပြောပါတယ်။
"ဒီနေ့နေ့လယ် ၃ နာရီ ၄၀ မိနစ်က ခံဝန်လက်မှတ်ထိုးခိုင်းတယ်၊ ကိုယ်ရေးအကျဉ်းယူထားတယ်၊ ပြန်လွှတ်ပေးလိုက်တယ်။ အတူတူအဖမ်းခံရတဲ့ ကိုစိုးမိုးလည်း ခံဝန်လက်မှတ်ထိုးပြီး ပြန်လွှတ်ပေးတယ်။”
မိတ္ထီလာမှာ ဖေဖော်ဝါရီ ၇ ရက်နေ့ကစပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလာခဲ့တာ ဒီနေ့အထိ ၂၆ ရက်ရှိပြီလို့ သိရပါတယ်။