ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ပညာရေးရုံးက အစိုးရဝန်ထမ်း ၁၁ ဦးက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်လာကြပါတယ်။
စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ ကြိုးစားတိုက်ထုတ် တွန်းလှန်နေသော ပြည်သူလူထုနဲ့ တသားတည်းဖြစ်အောင် မတ် ၅ ရက်နေ့က ရုံးမတက်ဘဲ ရုန်းထွက်ခဲ့ကြတာလို့ ဆိုပါတယ်။
စစ်အစိုးရရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်လိုခြင်း မရှိကြတာဖြစ်ပြီး အလုပ်နုတ်ထွက်ခြင်း မဟုတ်ကြောင်း၊ ပြည်သူ့ဝန်ထမ်းတစ်ယောက်အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပါဝင်တာလို့ ဆိုပါတယ်။ ပြည်သူ့အစိုးရ ပြန်လည်တက်ရောက်ပါက လုပ်ငန်းတာဝန် ပြန်လည်ထမ်းဆောင်မယ်လို့ ရုံးကြေညာစာနဲ့တကွ တရားဝင်ဖော်ပြထားပါတယ်။
CDM မှာ ပါဝင်လာသူတွေကတော့ လက်ထောက်ညွှန်ကြားရေးမှူးနဲ့ ဦးစီးအရာရှိအပါအဝင် ဝန်ထမ်း ၁၁ ဦး ပူးပေါင်းပါဝင်ခဲ့ကြတာပါ။
ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း ဗန်းမော်ခရိုင်ရှိ ပညာရေးဝန်ထမ်းအများစု CDM မှာ ပါဝင်ခဲ့ကြပြီး ခရိုင်အဆင့်ပညာရေးရုံးဝန်ထမ်းတွေ CDM ပူးပေါင်းပါဝင်လာကြတာပါ။
ဇော်လင်းအောင် (ဗန်းမော်)