အသေးစား စီးပွားရေးလုပ်ငန်းများကို အခွန်ကင်းလွတ်ခွင့်မပြု
DVB
·
October 15, 2013
အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေဟာ တနိုင်ငံလုံး စီးပွားရေးလုပ်ငန်း စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းရှိနေတဲ့အတွက် အခွန်ကင်းလွတ်ခွင့်ပြုလို့ မရနိုင်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးမျိုးအောင်က ပြောပါတယ်။
အောက်တိုဘာ ၁၄ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မန္တလေးတိုင်း အမရပူရမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းထွန်းဦးက အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို အခွန်ကင်းလွတ်ခွင့်ပြုဖို့၊ မှတ်ပုံတင်ခြင်း ကင်းလွတ်ခွင့်ပြုဖို့နဲ့ ချေးငွေရဖို့ ဘယ်လိုလုပ်ပေးနိုင်မလဲလို့ မေးတာကို သူက ခုလိုပြောလိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီ များပြားလှတဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို မှတ်ပုံတင်ခြင်း ကင်းလွတ်ခွင့်ပေးလိုက်ရင် အဲဒီလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရတော့မှာ မဟုတ်တဲ့အပြင် လုပ်ငန်းအလိုက် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရာမှာ အခက်အခဲတွေ တွေ့နိုင်တယ်လို့ သူက ရှင်းပြပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ကတော့ လုပ်ငန်းရှင် ၆၂ ယောက်ကို ကျပ်ငွေ ၁၀ ဘီလီယံလောက်အထိ ထုတ်ချေးပေးထားတယ်လို့လည်း သူက ပြောပါတယ်။