ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်က ပညာရေးဝန်ထမ်းတွေကို မတ်လ ၅ ရက် နောက်ဆုံးထားပြီး CDM ပါဝင်ဖို့ လက်ကမ်းကြိုဆိုမည်ဖြစ်ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် CDM ပညာရေးဝန်ထမ်းများကွန်ရက်က မတ်လ ၄ ရက်က ကြေညာပါတယ်။
CDM မပါတဲ့သူမှန်သမျှကို အမှားဘက်ကရပ်တည်သူ၊ လူသတ်သူပုန်အုပ်စုကို အားပေးထောက်ခံသူ၊ အလိုတူအလိုပါတွေအဖြစ် သတ်မှတ်ကြေညာသွားမှာဖြစ်ပါတယ်။
CDM မပါသေးတဲ့ ပညာရေးဝန်ထမ်းတွေကို နောက်ဆုံးအနေနဲ့ ပါဝင်လာဖို့ ကမ်းလှမ်းတာဖြစ်ပြီး CDM ပါဝင်တဲ့ စာရင်းကို အတိအကျရယူချင်တဲ့အတွက် အခုလို ရက်ကန့်သတ်လိုက်တာလို့ ရန်ကုန်တောင်ပိုင်းခရိုင် CDM ပညာရေးဝန်ထမ်းများကွန်ရက်ရဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"ကျွန်တော်တို့ရဲ့တရားဝင်အစိုးရ CRPHရဲ့စာရင်းတောင်းခံမှုကြောင့်လည်းပါတယ်" လို့ ဆိုပါတယ်။
CDM ဝန်ထမ်းတွေကို CDM မပါဝင်ဖို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ဖိအားပေးနေတဲ့ ပညာရေးဌာနက အကြီးအကဲဆိုသူတွေကိုလည်း ပြင်းထန်စွာရှုတ်ချလိုက်ပါတယ်။
CDM လုပ်သူအားလုံးသာ မိမိဆန္ဒအရ ပူးပေါင်းပါဝင်ထားတာဖြစ်ပြီး CDM လုပ်တယ်ဆိုကာ ရုံးပိုင်းဆိုင်ရာကိစ္စတွေ ဆောင်ရွက်နေတဲ့သူတွေကိုလည်း သစ္စာဖောက်အဖြစ် သတ်မှတ်တယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။