ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားတဲ့ ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့ ညွှန်ကြားချက်နဲ့ လမ်းညွှန်ချက်တွေကို လိုက်နာသွားမယ်လို့ CDM ဝန်ထမ်း ၉၆၀ က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
CRPH က မတ် ၂ ရက်နေ့မှာ ခန့်အပ်လိုက်တဲ့ ခေတ္တပြည်ထောင်စုဝန်ကြီးတွေကို ကြိုဆိုတယ်လို့ CDM ဝန်ထမ်းတွေရဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျွန်ပ်တို့ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဦးစီးဌာနက CDM ဝန်ထမ်းတွေဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်သော ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့ ညွှန်ကြားချက်နဲ့ လမ်းညွှန်ချက်များအတိုင်း အစွမ်းကုန် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းနှင့် တိုင်းရင်းသားပြည်သူတရပ်လုံး သိရှိနိုင်ရန် သဘောထားထုတ်ပြန်လိုက်ပါတယ်လို့ ရေသားထားပါတယ်။
အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဦးစီးဌာနက CDM ပါဝင်တဲ့ ဝန်ထမ်းတွေကတော့ ညွှန်ကြားရေးမှူး ၁ ဦး၊ ဒုညွှန်ကြားရေးမှူး ၃ ဦး၊ လက်ထောက်ညွှန်မှူး ၂၅ ဦး၊ ဦးစီးအရာရှိ ၅၂ ဦး၊ ဒုဦးစီးမှူး ၃၉ ဦး၊ အကြီးတန်းစာရေး ၆၇ ဦး၊ အငယ်တန်းစာရေး ၁၃၉ ဦး၊ ယာဉ်မောင်း ၂ ဦး၊ ရုံးအကူ ၁၄ ဦး စုစုပေါင်း ၃၄၂ ဦးနဲ့ လူမှုဖူလုံရေးအဖွဲ့က ဝန်ထမ်း ၆၁၈ ဦး ပါဝင်တယ်လို့ သိရပါတယ်။