ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်မှာ မတ်လ ၃ ရက် နေ့လယ်ပိုင်းက ဆန္ဒပြလူငယ်တွေကို ရဲနဲ့စစ်တပ်က အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးမှုအတွင်း အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ မွန်မြတ်စိတ်ထား ဘိုးဘွားစောင့်ရှောက်ရေးအသင်းဝင် ပရဟိတသမား၄ ယောက်လည်း ရိုက်နှက် ဖမ်းဆီးခံခဲ့ရပြီး ညတွင်းချင်းအင်းစိန်ထောင်ပို့လိုက်ကြောင်း ရိပ်သာတာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
မြောက်ဥက္ကလာပ အကြမ်းဖက်ဖမ်းဆီးမှုဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူတွေကို ကူညီပေးနေချိန် အိန္ဒြာလမ်းထဲမှာ ပိတ်မိနေပြီးနောက် ကားပေါ်မှာ ပုန်းနေချိန် လက်နက်ကိုင် ရဲတွေက ကားပေါ်ကအတင်းဆွဲချပြီး ရိုက်နှက်ကန်ကြောက်တဲ့အပြင် စီစီတီဗွီမှတ်တမ်းအရ သေနတ်ဒင်နဲ့ ထုရိုက်ပြီးပါ ဖမ်ဆီးသွားခဲ့တာ မြင်တွေ့ရပါတယ်။
သူတို့ကို ပြန်လွှတ်/မလွှတ်ကိုတော့ ညနေလောက်မှသိရမှာဖြစ်ကြောင်းကို ကူညီပေးနေတဲ့ရှေ့နေကပြောပါတယ်။
မွန်မြတ်စိတ်ထား ဘိုးဘွားစောင့်ရှောက်ရေးအသင်းက ဖမ်းဆီးခံရသူ ၄ ယောက်ကတော့ ကိုသန့်ဇင်ဦး ၄၂ နှစ်၊ ကိုကျော်မင်းအောင် ၃၅ နှစ်၊ မောင်စိုးထက်အောင် ၂၀ နှစ်၊ ကိုမင်းဦး ၂၂ နှစ်တို့ဖြစ်ပြီး သူတို့ဟာ ဘိုးဘွားတွေကို စောင့်ပေးနေသူတွေဖြစ်ကြပါတယ်။
ဖမ်းခံရချိန် သူတို့စီးနင်းလိုက်ပါလာတဲ့ အရေးပေါ်လူနာတင်ယာဉ်ရဲ့ ကားမှန်ရိုက်ခွဲသွားတာနဲ့ ကားဘော်ဒီကို သေနတ်နဲ့ ပစ်ခတ်တာတွေရှိခဲ့ပါတယ်။
သတင်း-ညီငယ်