Traders ဟိုတယ်ဗုံးကွဲမှု သံသယရှိသူကို ဖမ်းမိပြီ
မျိုးဇော်လင်း
·
October 15, 2013
ရန်ကုန်မြို့ ဆူးလေဘုရားလမ်း Traders ဟိုတယ်မှာ မနေ့ည ၁၁ ခွဲဝန်းကျင်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ယူဆရတဲ့ တရားခံကို ဖမ်းမိထားပြီဖြစ်ကြောင်း ကျောက်တံတားရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
“လက်လုပ်မိုင်းလို့ ထင်တာပဲ။ တရားခံကို ဖမ်းဆီးပြီးပါပြီ။ မြန်မာနိုင်ငံသား တဦးပါပဲ။”
ဖမ်းဆီးရမိသူဟာ ဘယ်မြို့က ဘယ်သူဆိုတာ ထုတ်ဖော်ပြောဆိုလို့ မရသေးဘဲ စစ်ဆေးမေးမြန်းနေဆဲ ဖြစ်ပြီး လောလောဆယ် အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
“ပေါက်ကွဲမှုရယ်၊ ပေါက်ကွဲစေတတ်တဲ့ပစ္စည်း ပုဒ်မ ၃ ရယ်၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ နဲ့ နှစ်မှုတော့ ရှိတယ်။”
ဖမ်းဆီးရမိသူဟာ အရင်ပေါက်ကွဲတဲ့ ဗုံးတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ထင်မြင်ယူဆကြောင်းလည်း ရဲအရာရှိက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ရေချိုးခန်းထဲမှာရှိတဲ့ ရေပန်းတို့၊ မှန်တို့ ပျက်စီးသွားတယ်လို့ ပြောပါတယ်။ ဒဏ်ရာရရှိသူ အမေရိကန်အမျိုးသမီးကတော့ ပြင်ပ ဒဏ်ရာအနည်းငယ်ပဲ ရရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေပြီး မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။