ပဲခူးတိုင်း ဖြူးမြို့နယ်မှာ ဒီနေ့ မနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီအလိုမရှိကြောင်း ငြိမ်းချမ်းစွ ဆက်လက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။
ဖြူးမြို့နယ်အတွင်းက ဆန္ဒပြရာတွင်တက်ကြွစွာပါဝင်သူတွေနဲ့ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေကိုလည်း သက်ဆိုင်ရာစခန်းတွေမှာ အမှုဖွင့်ထားတာတွေရှိနေတယ်လို့ တက်ကြွပါဝင်သူတွေက ပြောပါတယ်။
ဖြူးမြို့နယ်အတွင်း ဆန့်ကျင်ဆန္ဒပြရာမှာ တက်ကြွစွာပါဝင်သူတွေနဲ့ CDM မှာ ပါဝင်သူတွေဟာ တိမ်းရှောင်နေကြပြီး အာဏာသိမ်းစစ်ကောင်စီ ပြုတ်ကြတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ တက်ကြွပါဝင်သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်တပ်နဲ့ ရဲတွေက ရက်စက်စွာ ပစ်ခတ်နေမှုတာတွေကို ရှုတ်ချကြောင်းနဲ့ အာဏာသိမ်းစစ်ကောင်စီ အလိုမရှိကြောင်း ဆန္ဒပြသူ တွေက ကြွေးကြော်ဆန္ဒပြနေကြတာပါ။ ဖြူးမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြနေတာ ၂၄ ရက်မြောက်နေ့ ဖြစ်ပါတယ်။