ပခုက္ကူမြို့မှာ ဒီကနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒဖော်ထုတ်မှုမှာ ရဲနဲ့ စစ်တပ်က ကားတွေနဲ့ အင်အားသုံးဖြိုခွင်းဖို့ နောက်က လိုက်ပေမယ့်လည်း လူအင်အား ၇၀၀၀ လောက်အထိ ပါဝင်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
သပိတ်စစ်ကြောင်းတွေက ဆန္ဒဖော်ထုတ်ရာမှာ စစ်ကြောင်း ၃ကြောင်း ခွဲထွက်ခဲ့ပြီး ရဲနဲ့စစ်တပ်က ဖြိုခွင်းဖို့ နောက်က လိုက်ပေမယ့်လည်း လူစုခွဲပြီး ပြန်လည် စုပေါင်း ဆန္ဒထုတ်ဖော်နိုင်ခဲ့တယ်လို့ သိရပါတယ်။
“စစ်ကြောင်းက ၃ ကြောင်းဆိုတော့ ဒီကခွဲလိုက် ဟိုသွားလိုက် ဟိုကခွဲလိုက် ဒီပြေးလိုက်နဲ့ လိုက်လိုက် ပြေးလိုက်နဲ့ သူတို့လည်း ပတ်ချာရိုက်လို့ ပြည်သူတွေလည်း ဟိုပေါင်းကြ ဒီပေါင်းကြတွေ လုပ်ကြတယ်၊ ဒီနေ့ဆိုရင် အင်အားက ခုနှစ်ထောင်လောက်ရှိလောက်မယ်၊ တစ်သောင်းဝန်းကျင်လောက်တောင် ရှိမယ်ထင်တယ်၊ ပစ်လောက်ခတ်လောက်အောင်ထိကို သူတို့နဲ့ ထိပ်တိုက် အတွေ့မခံတော့ဘူး။ ဆန္ဒပြသူတွေကပြေးရင် လမ်းထဲကလူတွေကလည်း တုန်းတွေချ လမ်းတွေပိတ်ပစ်နဲ့ လုပ်တာတွေရှိတော့၊ ကားတွေကတော့ ဟိုဘက် ဒီဘက်တွေ သုံးလေးနေရာလောက်ကိုမျှ ပြီးတော့ လိုက်နေကြတာ၊ တစ်နေရာကို ရဲကား သုံးစီး စစ်ကားနှစ်စီးလောက်နဲ့ သူတို့ကလည်း သုံးလေး နေရာတော့ခွဲတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပခုက္ကူမြို့ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒဖော်ထုတ်မှုကို ဖေဖော်ဝါရီ ၈ ရက်နေ့က တည်းက စတင်ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပြီး မတ်လ ၃ ရက်နေ့ဆိုရင် ၂၄ ရက်မြောက်နေ့ ဖြစ်ပါတယ်။