Home
မြန်မာသတင်း
ကြက်ခြေနီအသင်းဝင်များတိုက်ခိုက်ခံရပြီး လူနာတင်ယာဉ်များ ဖျက်ဆီးခံရ
DVB
·
March 3, 2021

လတ်တလော မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထု လှုပ်ရှားမှုတွေမှာပါဝင်နေကြတဲ့ ကြက်ခြေနီအသင်းဝင်တွေ တိုက်ခိုက်ခံရတာတွေ၊ လူနာတင်ယာဉ်တွေ ဖျက်ဆီးခံရတာတွေရှိနေတယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကြေညာပါတယ်။

မတ် ၂ ရက် ရက်စွဲနဲ့ အဆိုပါ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံ မြို့ကြီးတချို့မှာ နိုင်ငံတကာအသိအမှတ်ပြု ကြက်ခြေနီအလံနဲ့ အသင်းရဲ့ အရေးပေါ် လူနာတင်ယာဉ်တွေ ဖျက်ဆီးခံရတာတွေ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဝင် စေတနာလုပ်အားရှင်တွေ တိုက်ခိုက်ခံရတာတွေ၊ မှားယွင်းဖမ်းချုပ်ခံရတာတွေ ရှိနေတယ်လို့ ဖော်ပြပါတယ်။

အသင်းရဲ့ ကြက်ခြေနီ စေတနာလုပ်အားရှင်တွေအနေနဲ့ ကြက်ခြေနီ အခြေခံမူ ၇ ချက်နဲ့အညီ ရှေးဦးပြုစုစောင့်ရှောက်မှု အကူအညီပေးနေစဉ်အတွင်း ခုလိုဖြစ်ပေါ်ခဲ့ရတာတွေအတွက် များစွာဝမ်းနည်းရကြောင်းနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဉပဒေ((International Humanitarian Law-IHL)နဲ့အညီ အကူအညီပေးနေတဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဝင် စေတနာလုပ်အားရှင်တွေကို လေးစားကြဖို့နဲ့ ပစ်မှတ် အဖြစ် မသတ်မှတ်သင့်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ကြက်ခြေနီ လူနာတင်ယာဉ်မှာ နိုင်ငံတကာအသိအမှတ်ပြု ကြက်ခြေနီအလံ လွှင့်တင်ထားမှုနဲ့အတူ အသင်းက သတ်မှတ်ထားတဲ့ ကြက်ခြေနီဝတ်စုံကို ဝတ်ဆင်ကာ ရှေးဦးပြုစုခြင်းလုပ်ငန်းတွေ လုပ်ဆောင်နေကြကြောင်း၊ အသင်းဌာနချုပ်အနေနဲ့ ကြက်ခြေနီ စေတနာလုပ်အားရှင်တွေ အန္တရာယ်ကင်းစွာ ကူညီဆောင်ရွက်နိုင်ရေးအတွက် ဥပဒေနဲ့အညီ ကြိုးစားလုပ်ဆောင်နေပြီး လိုအပ်မယ့် အထောက်အပံ့တွေ ဆက်လက်ဖြန့်ဝေပေးပို့သွားမှာဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်ပိုင်းတချို့ကို စစ်တပ်က ဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီး နောက်တနေ့မှာပဲ ပြည်သူတွေဟာ ညစဉ် သံပုံးတီးဆန့်ကျင်တာတွေ၊ ဖယောင်းတိုင်မီးထွန်းဆုတောင်းပွဲတွေနဲ့အတူ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန္ဒပြနေကြတာပါ။

တဆက်တည်းမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေ နဲ့ ဆေးလောကသားတွေက စတင်ကာ  အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement)ကို လုပ်ဆောင်နေကြတာ ဖြစ်ပြီး လက်ရှိမှာတော့ တခြား ကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်း ပါဝင်လှုပ်ရှားနေကြတာပါ။

နောက်ပိုင်းမှာတော့ နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၈ တရက်တည်းမှာတင် နိုင်ငံအနှံ့ နေရာများစွာမှာ ရဲနဲ့ စစ်တပ် အင်အားစုတွေက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို လူသေစေလောက်တဲ့ အင်အားသုံးပြီးတော့ရော အသက်သေဆုံးလောက်အောင် မပြင်းထန်တဲ့ အင်အားတွေ သုံးပြီးတော့ပါ တိုက်ခိုက်ခဲ့လို့  အနည်းဆုံး ၁၈ ဦး အသက်ဆုံးရှုံးခဲ့ပြီး လူပေါင်း ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ခိုင်လုံတဲ့ သတင်းအချက်အလက်တွေ အရ လက်ခံရရှိထားတယ်လို့ ဆိုပါတယ်။

သေဆုံးမှုတွေ ဖြစ်ပွားခဲ့ရတဲ့ထဲမှာ ရန်ကုန်၊ ထားဝယ်၊ မန္တလေး၊ မြိတ်၊ ပဲခူးနဲ့ ပခုက္ကူမြို့တွေမှာ ကျည်ဆန်အစစ်တွေအသုံးပြုပြီး လူအုပ်တွေထဲကို ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့် ဖြစ်ကာ နေရာအနှံ့ အသံမြည်ဗုံး၊ မီးဗုံးနဲ့ မျက်ရည်ယိုဗုံးတွေကိုလည်း အသုံးပြုခဲ့ ကြကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းမှု တလတာရှိလာခဲ့ချိန်မှာ ရဲနဲ့ စစ်တပ်အင်အားစုတွေရဲ့ ပစ်မှတ်ထား အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ သတင်းသမားတွေ ထိခိုက်ဒဏ်ရာရရှိတာတွေ၊ ဖမ်းဆီးခေါ်ဆောင်တာတွေလည်း ပိုမိုမြင့်တက်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024