အကြမ်းဖက်မှုများရပ်တန့်ရန်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အာဆီယံဝန်ကြီးများတောင်းဆို

မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေကို ရပ်တန်းကရပ်ဖို့၊ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားဖို့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက တောင်းဆိုလိုက်ပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဒီကနေ့ မတ်လ ၂ ရက်မှာ အွန်လိုင်းကနေ ကျင်းပရာမှာ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်တွေကို ခုလို သတင်းစကားပါးလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေကို စိုးရိမ်တဲ့အကြောင်း သက်ဆိုင်သူအားလုံးအနေနဲ့ အကြမ်းဖက်မှုတွေ ထပ်မြင့်တက်မလာအောင် ရှောင်ရှားဖို့နဲ့ ဘက်အားလုံးအနေနဲ့ အဆုံးစွန်ထိ ထိန်းထိန်းသိမ်းသိမ်း အပျော့ပြောင်းဆုံး လုပ်ဆောင်ကြဖို့ အာဆီယံက တောင်းဆိုပါတယ်။
မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ လူမှုဘဝ ကျိုးစီးပွားအတွက် သက်ဆိုင်သူအားလုံးအနေနဲ့ အပြုသဘောဆွေးနွေးညှိနှိုင်းပြီး ငြိမ်းချမ်းစွာ အဖြေရှာဖို့ သက်ဆိုင်သူအားလုံးကို အာဆီယံအနေနဲ့ တောင်းဆိုတယ်၊ ဒါနဲ့ ပတ်သက်ပြီး အာဆီယံအနေနဲ့ မြန်မာကို အပြုသဘော အကူအညီပေးဖို့ အသင့်ရှိတယ်လို အာဆီယံကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီကြေညာချက်ကို အခုနှစ် အာဆီယံ အလှည်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဘရူနိုင်းနိုင်ငံက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံအနေနဲ့ ဆက်လက်ညှိနှိုင်းဆောင်ရွက်လိုပေမဲ့ ပြဿနာရဲ့ အဖြေကတော့ မြန်မာနိုင်ငံထဲမှာပဲ မူတည်နေတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီရန်ဘာလာခရီရှနန်က အစည်းအဝေး အပြီးမှာ မီဒီယာတွေကို ပြောပါတယ်။
“ရေရှည်အတွက်ခိုင်မာတဲ့ အဖြေရဖို့တခုတည်းသော နည်းလမ်းကတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဖြစ်ပေါ်ဖို့ဖြစ်ပြီး အထူးဖြင့် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်” လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဒါ့အပြင် စင်ကာပူနိုင်ငံအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို မြန်မာအစိုးရအဖြစ် အသိအမှတ်မပြုဘူးလို့လည်း ပြောပါတယ်။
“စစ်ခေါင်းဆောင်တွေကို မြန်မာအစိုးရအဖြစ် ကျနော်တို့ အသိအမှတ်မပြုပါဘူး။ ဒါပေမဲ့ ၂၀၀၈ အခြေခံဥပဒေအရ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ဟာ အထူးအခန်းကဏ္ဍရှိတဲ့ အဖွဲ့အစည်းဆိုတာ အသိအမှတ်ပြုတယ်” လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။
အလားတူ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဟစ်ဟမ်မူဒင်ဟူစိန်ကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားဖမ်းဆီးခံနေရသူတွေကို ချက်ချင်းလွှတ်ပေးဖို့တောင်းဆိုလိုက်ပြီး အခြေအနေဆိုးလာရင် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်းရေးနဲ့သာယာဝပြောရေးကို ထိခိုက်လိမ့်မယ်လို့ သတိပေး ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆီဒီကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည် ဖော်ဆောင်ရမယ်လို့ ပြောပါတယ်။
အင်ဒိုနီးရှားအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒ၊ အသံနဲ့ အကျိုးစီးပွားကို အလေးထားတဲ့အကြောင်း သက်ဆိုင်သူအားလုံးဆွေးနွေးမှုတွေ စတင်ဖို့ တောင်းဆိုတဲ့ အကြောင်းနဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုလွှတ်ပေးတာအပါအဝင် ဆက်သွယ်ဆောင်ရွက်နိုင်တဲ့ အခြေအနေ ဖန်တီးဖို့လိုတယ်လို့လည်းပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံကတော့ အသံတိတ်နေခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေကို စိုးရိမ်စွာ စောင့်ကြည့်နေတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကတော့ မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေလုပ်ရင် စစ်တပ်နဲ့ ဗိုလ်ချုပ်ကြီးတွေကို ထိခိုက်မှာမဟုတ်ဘဲ မြန်မာပြည်သူတွေကို ထိခိုက်နစ်နာမှာ ဖြစ်တယ်လို့ ဒီကနေ့ ဘီဘီစီနဲ့ မေးမြန်းရာမှာ ပြောပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို စစ်တပ်က အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခဲ့လို့ လူ ၂၀ လောက် သေဆုံးခဲ့ပြီးနောက်မှာ ဒီအစည်းအဝေးကျင်းပခဲ့တာဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီကခန့်အပ်တဲ့ ဦးဝဏ္ဏမောင်လွင်လည်း တက်ရောက်ခဲ့ပါတယ်။
REF- Agencies