အင်တာနက်လွတ်လပ်ခွင့် ကမ္ဘာတ၀န်း ခြိမ်းခြောက်၊ တက်ကြွလှုပ်ရှားသူများ ပြန်တွန်းလှန်

ကမ္ဘာတ၀န်းမှာ တချို့အစိုးရတွေက ၀က်ဘ်ဆိုက်တွေမှာ ဖော်ပြနေတာတွေကို ထိန်းချုပ်ဖို့ ဥပဒေသစ်တွေနဲ့ ကန့်သတ်လာသလို စောင့်ကြပ်ကြည့်ရှုမှုတွေကိုလည်း တိုးမြှင့် ပြုလုပ်လာတဲ့အတွက် အင်တာနက်လွတ်လပ်ခွင့် ကျဆင်းလာနေတယ်လို့ အမေရိကန် ပြည်ထောင်စု အခြေစိုက် အစီရင်ခံစာသစ်တခုက ထောက်ပြထားပါတယ်။ လွတ်လပ်တဲ့ စောင်ကြည့်အဖွဲ့တခုဖြစ်တဲ့ ဖရီးဒမ်းဟောက်စ်ကတော့ နိုင်ငံပေါင်း ၆၀ မှာ သူ့ရဲ့သုတေသနပြုချက်အရ ပေါ်ပေါက်လာနေတဲ့ ခြိမ်းခြောက်မှုတွေကို သိရှိမှု မြင့်တက်လာမှုနဲ့ တခါတရံ ဖိနှိပ်အရေးယူ ဆောင်ရွက်မှုအသစ်တွေ ကြိုတင် ချမှတ်ဆောင်ရွက်မှုတွေရဲ့ လက်တုံ့ပြန်မှုကို တက်ကြွလှုပ်ရှားသူတွေ ခံနေရတယ်ဆိုတာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ရေဒီယိုဩစတြေးလျရဲ့ သတင်းတင်ဆက်သူ စင်လမ်က နယူးယောက် ဖရီးဒမ်းဟောက်ရဲ့ အာရှသုတေသန လေ့လာသုံးသပ်သူ မက်ဒယ်လင်းအပ်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။ “ဖရီးဒမ်းဟောက်စ်က သူရဲ့ အစီရင်ခံစာ အစိတ်အပိုင်းတခုဖြစ်တဲ့ နိုင်ငံပေါင်း ၆၀ ကို လေ့လာခဲ့ရာမှာ ဖိနှိပ်မှုအများဆုံးက တရုတ်ပြည်၊ ကျူးဘားနဲ့ အီရန်နိုင်ငံတွေ ဖြစ်ပြီး အင်တာနက်အသုံးပြုမှုကနေ ဆက်စပ်နေတဲ့ အကြောင်းအရာ နယ်ပယ်တွေကနေ ရှင်ပြောတဲ့ အစိုးရစောင့်ကြပ်ကြည့်ရှုမှုတွေအထိပေါ့ရှင်။ ကျမတို့ မျှော်လင့်တာကတော့ နိုင်ငံတွေအနေနဲ့ နယ်ပယ်စုံမှာ ပိုပြီး လွတ်လပ်မှုရအောင် တွန်းတင်ပေးဖို့ပါ။ ဒီနှစ်အတွက် အကောင်းဆုံးနိုင်ငံတွေက အိုက်စလန်နဲ့ အက်စ်တိုးနီးယားပါ။” ကျနော်တို့ကို ခင်ဗျားရဲ့ နည်းဗေဒလေး နည်းနည်းလောက်ပြောပြပါလား။ အင်တာနက် လွတ်လပ်ခွင့်ကို အကဲဖြတ်သတ်မှတ်ရာမှာ ဘာကို အခြေခံ ထားသလဲ။ “နည်းဗေဒကတော့ အတော်ကြီး ရှုပ်ထွေးပါတယ်။ ကျမတို့အနေနဲ့ အင်တာနက်နဲ့ ပတ်သက်ပြီး တကယ့် အလုံးစံအမြင်တခု ရရှိဖို့ အဓိကကဏ္ဍကြီး ၃ ခု ခွဲထားပါတယ်။ ပထမ က နိုင်ငံထဲက ပြည်သူတွေအတွက် အင်တာနက် သုံးစွဲနိုင်ဖို့ ဘယ်လောက် လွယ်ကူသလဲ။ ဘယ်လောက် အကုန်အကျ များလဲ။ လုပ်ငန်းဝန်းကျင်နယ်ပယ်က ဘယ်လိုမျိုးလဲပေါ့။ ဒုတိယက ဘယ်လို အကြောင်းအရာမျိုးတွေကို မျှဝေတင်ပြကြ၊ ကျယ်ကျယ်ပြန့်ပြန့် ရရှိကြသလဲ။ ဒီတော့ အစိုးရရဲ့ ကန့်သတ်ဖြတ်တောက်မှုကို တင်ပြနိုင်သလို နိုင်ငံသားတွေရဲ့ နိုင်ငံရေးဆိုင်ရာ စုစည်းနိုင်မှုနဲ့ အဲဒီလို လှုပ်ရှားမှုမျိုးတွေကို တင်ပြနိုင်ဖို့ပါ။ တတိယကတော့ အသုံးပြုသူတွေ ရဲ့ အခွင့်အရေးတွေနဲ့ အင်တာနက် ပြောဆို တင်ပြတာတွေအတွက် ပြည်သူတွေ ထောင်ချခံတာမျိုး၊ အလွန်အမင်း တရားစွဲဆိုခံရနိုင်တာမျိုး ရှိတဲ့နိုင်ငံတွေ၊ ဥပမာ ကျမတို့ အဲဒီမှာ တင်ပြထားတဲ့ ဟာမျိုးအတွက်ပေါ့ရှင်။” နောက်တခုက ခေတ်သစ်နည်းပညာ ကိုယ်နှိုက်က ပိုပြီး သူလျှိုလုပ် ဒါမှမဟုတ် စောင့်ကြပ်ကြည့်ရှုမှု လုပ်ပေးလိုက်သလို ဖြစ်နေတယ်လို့ ခင်ဗျား ထင်ပါသလား။ “ပြဿနာရဲ့ အစိတ်အပိုင်းတခုက အင်တာနက် လျှပ်စစ်နည်းပညာနဲ့ လုပ်ကိုင်ဆောင်ရွက်တာတွေကို ပိုပြီးအလွယ်တကူနဲ့ အများကြီး မြန်မြန် လုပ်နိုင်လာတာလို့ ကျမ ထင်တယ်ရှင့်။ ပြီးတော့လည်း ဥပဒေသစ်တွေက နည်းပညာကို မီအောင်မလိုက်နိုင်သေးတဲ့အတွက် အစိုးရတွေ အတော်များများက တကယ်တမ်း လုံလောက်အောင် ကာကွယ်ပေးထားတာမျိုး မရှိဘဲ နည်းပညာသစ်နဲ့ အသာစီးယူတာမျိုးလည်း ရှိမယ်လို့ ကျမ ထင်ပါတယ်။” နောက် အစီရင်ခံစာက အင်တာနက်ထိန်းချုပ်ရေးကိစ္စကိုလည်း ထည့်သွင်းပြောဆို ထားပါတယ်။ ဖိနှိပ်တဲ့ နိုင်ငံတွေနဲ့ ဒီမိုကရေစီ သိပ်မကျတဲ့ နိုင်ငံတွေက လုပ်လေ့လုပ်ထ အရှိဆုံး လုပ်ရပ်တွေ က ဘာတွေလဲဗျ။ “တကယ့် မေးခွန်းကြီးပါပဲရှင်။ ကျမတို့က ကမ္ဘာတ၀န်းမှာ ပိုလို့ ပိုလို့ တွေ့လာရတဲ့ ထိန်းချုပ်ကိုင်တွယ်ပုံ အနည်းဆုံး ၁၀ မျိုးကို လေ့လာတွေ့ရှိထားခဲ့ပါတယ်။ “အာရှဒေသက တရုတ်နဲ့ ဗီယက်နမ်ဟာ အကြောင်းအရာတွေကို ထိန်းချုပ်တဲ့နေရာမှာ အတော် နာမည်ဆိုးပါတယ်။ သူတို့က အဲဒါကို နည်းလမ်းတွေ အများကြီး သုံးထားပါတယ်။ တရုတ်ရဲ့ သိပ်တိုးတက်တဲ့နည်းပညာက အဓိက စကားလုံးတွေ သုံးပြီး ကန့်သတ်ထိမ်းချုပ် နိုင်ပါတယ်။ ဥပမာအားဖြင့် လူမှုမီဒီယာတခုမှာ ပုံနှိပ် ဖော်ပြလိုက်တာ တခုကိုတောင် စက္ကန့်ပိုင်းအတွင်း ကန့်သတ် တားဆီးပစ်လိုက်နိုင်ပါတယ်။ အဲဒါက သုံးစွဲသူတွေကို ကန့်သတ်ပိတ်ပင်မှုတွေ အများကြီး တွဲပါနိုင်သလို သုံးစွဲသူတွေရဲ့ လုပ်ဆောင်မှုတွေအပေါ် ရာဇ၀တ်ကြောင်းအရ အရေးယူမှုတွေ အများကြီးလည်း ပါလာပါတယ်။ “ဒီတော့ ဥပမာ ဗီယက်နမ်ဆိုရင် သူတို့တွေ အင်တာနက်မှာ လုပ်ထားခဲ့တာတွေအတွက် တရားစွဲဆို ခံထားရတဲ့သူတွေဟာ ၃၀ လောက် ရှိနေပါပြီ။ အဲဒါက နှစ်ဘက်တိုက်ခိုက်မှုတခုပါ။ တဘက်က သူတို့က  တင်လိုက်တဲ့ အကြောင်းအရာကို တရားမ၀င်ဖြစ်အောင်လုပ်မယ်။ အဲဒါကို သုံးစွဲမှုအပေါ် ကန့်သတ်ပိတ်ပင်မယ်။ တဘက်ကလည်း သူတို့က အဲဒီ စည်းမျဉ်းဥပဒေတွေကို ချိုးဖောက်နေတဲ့သူတွေကို တရားစွဲဖို့ ကြိုးစားမယ်ပေါ့ရှင်။ ” မလေးရှား လူမှုအဖွဲ့အစည်းအုပ်စုတွေကတော့ လွန်ခဲ့တဲ ၁၀ နှစ်လောက်က မရနိုင်တဲ့ လူထုဆွေးနွေးပွဲတွေအတွက် ဒီမိုကရေစီအခွင့်အလမ်းရှိတဲ့ လူမှုမီဒီယာတရပ်ကို ဖွင့်လှစ် ပေးနိုင်ဖို့ အင်တာနက်ကို အသုံးပြုနေကြပါပြီ။ အဲဒါဟာ ကမ္ဘာ့လွှမ်းခြုံ ဦးတည်လမ်းကြောင်း ပါလား။ “ကမ္ဘာ့ လွှမ်းခြုံ ဦးတည်လမ်းကြောင်း အမှန်ပေါ့ရှင်။ ရှင် ပြောတာ မှန်ပါတယ်။ အဲဒါက ဒီ တွေ့ရှိမှုတွေ ထွက်ပေါ်လာတဲ့  အပြုသဘောဘက်က ဖြစ်သလို မလေးရှား တနိုင်ငံတည်းတင် မဟုတ်ပါဘူး။ တင်းကျပ်တဲ့ ထိမ်းချုပ်မှုအောက်မှာ ရှိခဲ့တဲ့ အစဉ်အလာ မီဒီယာတွေမှာ သူတို့ လုပ်နိုင်တာတွေထက် ပိုပြီး လွတ်လပ်တဲ့နေရာတခု၊ အထူးသဖြင့်  အာရှဒေသမှာ ပေါ်ပေါက်လာဖို့ နိုင်ငံတွေ အများကြီးပါဝင်လာဖို့ပါ။ ဆိုလိုတာကတော့ တက်ကြွလှုပ်ရှားသူတွေက သတင်းဆက်သွယ်ရေးသစ်ကို အကျိုးရှိအောင်အသုံးချပြီး မျှခြေကို ပြန်ထိန်းနိုင်တဲ့ နိုင်ငံသားတွေရဲ့ အသံကို ပိုပြီးထွက်လာအောင် လုပ်ဖို့ပါပဲရှင်။ “ကျမထင်တယ်။ ကျမတို့ သတိထားရမှာက အဲဒီ အင်တာနက်လှုပ်ရှားမှုတွေကို အစိုးရက ကန့်သတ်ချုပ်ချယ်ဖို့ ဥပဒေသစ်တွေ ပြဋ္ဌာန်းတာမျိုး မလုပ်နိုင်ဖို့ပါ။ နောက် ကျမတို့က လွန်ခဲ့တဲ့နှစ်က ဖိလစ်ပိုင်မှာ ဖိနှိပ်ချုပ်ချယ်တဲ့ အင်တာနက်ရာဇ၀တ်မှု ဥပဒေကို ကန့်ကွက် ဆန့်ကျင်မှုတွေ ဖြစ်လာပြီး ပြည်သူတွေက တရားရုံးချုပ်ကို မေတ္တာရပ်ခံလွှာ တင်သွင်းနိုင်ခဲ့လို့ တရားရုံးချုပ်က နောက်ဆုံးမှာ ဥပဒေကို ဆိုင်းငံ့ပေးလိုက်ရတဲ့ အခြေအနေမျိုး အားတက်စရာတွေလည်း တွေ့လာခဲ့ရပြီလေ။ အခုတော့ အဲဒီ ဥပဒေမျိုးတွေ လုံးဝ မပြဋ္ဌာန်းရင် ပိုကောင်းတယ်ဆိုတာ ရှင်းနေပါပြီ။ နောက်ဆုံး ဥပဒေကြမ်းမှာ အဲဒီလို ကန့်သတ် ပိတ်ပင်တာမျိုးတွေကို သူတို့ မလုပ်တော့အောင် ရင်းနှီးမြှုပ်နှံသူတွေ အားလုံးက ပါဝင်ဆွေးနွေးလာကြမယ်ဆိုရင်ပေါ့။ ဒါပေမယ့် ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ မလုပ်နိုင်အောင် ကာကွယ်နိုင်ဖို့ အကျိုးသက်ရောက်မှုမျိုး ရနိုင်လာမယ်လို့ တွေးရတာကတော့ အားတက်စရာပါပဲရှင်။” ဒါပေမယ့် အစိုးရတွေထဲမှာတော့ အထူးသဖြင့် အဲဒီလို လူမှုမီဒီယာမျိုးတွေကို ဆန့်ကျင်ဖို့ ဆောင်ရွက်နေကြတဲ့ အစိုးရတွေ ရှိနေတယ်လေဗျာ။ “အမှန်ပါပဲရှင် ကျမက တရုတ်နဲ့ ဗီယက်နမ်ဟာ အဲဒီနေရာမှာ နာမည်ဆိုး ထွက်နေတယ်လို့  ကျမ ပြောခဲ့သလိုပေါ့ရှင်။     ဒါပေမယ့် ကျမတို့က လူမှုမီဒီယာတွေကို အသုံးပြုဖို့ ကြိုးစားနေတဲ့ နိုင်ငံတွေကိုလည်း တွေ့နေရတယ်ရှင့်။ အိန္ဒိယကတော့ ဒီနှစ်မှာ အံ့ဩစရာတခုပါပဲ။ အိန္ဒိယက စစ်တမ်းတခုလုံးမှာ အကြီးမားဆုံး လျော့ကျမှုကို တွေ့မြင်ခဲ့ရပြီး အဲဒါဟာ တကယ်တမ်း ဆောင်ရွက်နေသူတွေအပေါ်မဟုတ်ဘဲ လူမှုမီဒီယာတွေကို သုံးစွဲသူတွေကိုပဲ ဦးတည် ပစ်မှတ်ထားခဲ့တဲ့ ဥပဒေတွေကြောင့် ဖြစ်တယ်ဆိုတာကို အသေအချာ တွေ့မြင်ခဲ့ရပြီးနေပြီလေ။ ရဲတွေ ရောက်လာပြီး တရားစွဲဆို ခံရတဲ့သူတွေက သူတို့ ဖေ့စ်ဘွတ်ခ်မှာ ဒါမှမဟုတ် တွစ်တာမှာ ဝေဖန် ပြောဆိုမိတဲ့သူတွေချည်းပဲ ဖြစ်နေခဲ့တာပါပဲ။ "ဒီတော့ မလိုအပ်ဘဲ အလားအလာရှိတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို သာ မဟုတ်ဘဲ အင်တာနက်ကို ပုံမှန် သုံးစွဲနေကြတဲ့ နိုင်ငံသားတွေကိုပဲ ဦးတည်ထားတဲ့ ဥပဒေတွေ ကတော့ စိုးရိမ်စရာ သိပ်ကောင်းပါတယ်။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up