မန္တလေးမြို့ ၄၁ A လမ်း၊ ၆၄ လမ်းနဲ့ ၆၅ လမ်းကြားမှာ ခေါင်းကို သေနတ်မှန်သေဆုံးခဲ့သူ ကိုမောင်မောင်ဦးကို မတ်လ ၂ ရက်နေ့ ညနေ ၃ နာရီက နွယ်နီကျေးရွာသင်္ချိုင်းမှာ သင်္ဂြိုဟ်ခဲ့ပါတယ်။
သေဆုံးသူဟာ အသက် ၄၀ အရွယ်ဖြစ်ပြီး ရွှေမန်းတံခွန် ဂေါက်အိတ်ထမ်း ကယ်ဒီ အခြေခံအလုပ်သမားအဖွဲ့အစည်းက အလုပ်သမားခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။
စျာပနကို ကျောင်းသားသမဂ္ဂတွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ အလုပ်သမားအဖွဲ့အသည်းတွေက ဝမ်းနည်းကြောင်း ပန်းခွေတွေ ပေးပို့ခဲ့ကြပါတယ်။
သေဆုံးသူ ကိုမောင်မောင်ဦးဟာ ပုသိမ်ကြီးမြို့နယ် နွယ်နီကျေးရွာ ကွက်သစ်မှာ နေထိုင်သူဖြစ်ပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့ နေ့လယ် တစ်နာရီခွဲလောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ခေါင်းကို သေနတ်ကျည်ထိမှန်သေဆုံးခဲ့တာပါ။
သေဆုံးသူဟာ မိခင်၊ ဇနီး၊ သား၊ သမီးတို့နဲ့ နေထိုင်သူဖြစ်ကာ သေဆုံးသူရဲ့သားဟာ အသက် ၆ နှစ်အရွယ်ဖြစ်ပြီး သမီးကတော့ ၁ နှစ်ကျော်သာ ရှိပါသေးတယ်။