မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ် ပြန်ဖို့ နည်းလမ်းရှာရေးအတွက် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှနန်က မတ်လ ၁ ရက်မှာ သက်ဆိုင်တဲ့ ဘက်အားလုံးကို တိုက်တွန်း လိုက်ပါတယ်။
ဒီလိုစတင်နိုင်ဖို့က သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားနိုင်ငံရေး အကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးမှ စနိုင်မယ်လို့ ယုံကြည်တယ်လို့ သူက စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာန အသုံးစရိတ် အတွက် လွှတ်တော်အတွင်း ကြားနာပွဲမှာ ပြောခဲ့တာပါ။
အရပ်သားတွေအပေါ် လူသေတဲ့အထိ အင်အားသုံးတဲ့အတွက် ထိတ်လန့် တုန်လှုပ်ရတယ်လို့ လည်း ဒေါက်တာ ဘာလာခရစ်ရှ်နန်က ပြောပါတယ်။
“ဘယ်လိုအခြေအနေမျိုးအောက်မှာ ဖြစ်ပါစေ လက်နက်မဲ့ အရပ်သားတွေကို လူသေစေတဲ့ လက်နက်တွေကို သုံးတာဟာ ခွင့်မလွှတ်နိုင်စရာ ကိစ္စဆိုတာ ကျနော်တို့ ထပ်ပြီး အခိုင်အမာ ပြောတယ်။ မြန်မာ စစ်အာဏာပိုင်တွေအနေနဲ့ လူသေတဲ့အထိ အင်အားသုံးနေတာကို ရပ်တန်းက ရပ်ဖို့နဲ့ အတတ်နိုင်ဆုံး ချုပ်တည်းကြဖို့၊ နောက်ထပ် သွေးစွန်းတာ၊ အကြမ်းဖက်တာ သေဆုံးတာတွေ မရှိစေရေး ဟန့်တားဖို့ အခြေအနေ တင်းမာမှု လျော့ကျစေရေး ချက်ချင်း ခြေလှမ်းပြင်ဖို့ သူက ဆော်သြခဲ့ပါတယ်။
အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ နိုင်ငံရေး အဖြေရှာဖို့ ကောင်းမွန်တဲ့ ယုံကြည်ချက်နဲ့အတူ ဆွေးနွေးပွဲတွေ ညှိုနှိုင်းရေးတွေမှာ မြန်မာနိုင်ငံက ဘက်ပေါင်းစုံ ပါဝင် စေ့စပ် ညှိုနှိုင်းကြဖို့ ဆော်သြတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း ဖြစ်ထွန်းမှုတွေဟာ စင်ကာပူနဲ့ အာဆီယံအတွက် အကြီးအကျယ် စိုးရိမ်စရာ ဖြစ်လာမယ်လို့လဲ သူက ရည်ညွှန်း ပြောဆိုပါတယ်။
ထိပ်တန်းဦးစားပေးအဖြစ် ချက်ချင်း ဆောင်ရွက် ရမှာက အကြမ်းဖက်လုပ်ရပ် အားလုံးနဲ့ လူသေတဲ့အထိ အင်အားသုံးတာ ရပ်တံ့ဖို့နဲ့ အမြန်ယိုယွင်းနေတဲ့အခြေအနေကို နောက်ပြန်ဆုတ်ဖို့ ပဲ လို့လဲ သူက ပြောပါတယ်။
ကာလရှည် မတည်ငြိမ်မှုကတော့ မြန်မာ၊ အာဆီယံနဲ့ ဒေသတွင်း တခုလုံးအတွက် ပြင်းထန်ဆိုးရွားတဲ့ နောက်ဆက်တွဲတွေ ဖြစ်စေလိမ့်မယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အထူးအစည်းအဝေးကို ဒီကနေ့ ဗီဒီယိုကွန်ဖရန့်စနစ်နဲ့ကျင်းပမှာ ဖြစ်ပြီး မြန်မာစစ်တပ် အာဏာပိုင်တွေရဲ့ ကိုယ်စားလှယ် ပြောတာကိုလည်း ဝန်ကြီးတွေက နားထောင်ကြမယ်၊ အဓိက ကျသူတွေနဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကို အားပေးမြှင့်တင်နိုင်ရေး အာဆီယံဟာ ပြင်ပ မိတ်ဘက်တွေ အားလုံးနဲ့ နီးနီးကပ်ကပ် ဆောင်ရွက်သွားမယ်လို့ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဘာလာ ခရစ်ရှ်နန်က ပြောခဲ့ပါတယ်။
ဒီသတင်းကို စင်ကာပူ အခြေစိုက် သစထရိတ်တိုင်းမ်စ်သတင်းစာနဲ့ အေးရှဝမ်း သတင်းဌာန တို့က အသီးသီး ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။