Home
မြန်မာသတင်း
ပြည်သူ့အစိုးရ ပြန်တက်မှ တာဝန်ထမ်းမည်ဟု ဗန်းမော် CDM သစ်တောဝန်ထမ်းများ ထုတ်ပြန်
DVB
·
March 2, 2021

ပြည်သူ့အစိုးရ ပြန်တက်မှ လုပ်ငန်းတာဝန်တွေ ပြန်ထမ်းဆောင်မှာဖြစ်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဆက်လက်ပူးပေါင်းပါဝင်သွားမယ်လို့ ဗန်းမော်ခရိုင်အဆင့် တောအုပ်ကြီး ဦးဆောင်တဲ့ သစ်တောဝန်ထမ်းတွေက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင်ရုံးက သစ်တောဝန်ထမ်း ၃ ဦးနဲ့ ဗန်းမော်၊ မံစီ၊ ရွှေကူ စတဲ့ မြို့နယ်သုံးခုက CDM လုပ်ထားတဲ့ သစ်တောဝန်ထမ်း ၁၆ ဦးတို့က မနေ့က ကြေညာချက်ထုတ်ပြန်လိုက်တာပါ။

တာဝန်ထမ်းဆောင်တဲ့ကာလတလျှောက် တည်ဆဲဥပဒေ နည်းဥပဒေတွေကို လေးစားလိုက်နာခဲ့ကြပြီး ပြည်သူတွေရဲ့ အခွန်အခနဲ့ လစာခံစားနေတဲ့ ဝန်ထမ်းတွေဖြစ်တဲ့အတွက် ပြည်သူဘက်က ရပ်တည်ပြီး အခုလို သဘောထားထုတ်ပြန်တာလို့ ဆိုပါတယ်။

CDM မှာ ပူးပေါင်းပါဝင်တာဟာ အလုပ်ထွက်တာမဟုတ်ဘဲ ပြည်သူ့အစိုးရ ပြန်တက်ချိန်မှာ တာဝန်တွေကို ပြန်လည်ထမ်းဆောင်မှာဖြစ်ပြီး ပြည်သူ့အာဏာ ပြည်သူတွေဆီ ပြန်ရောက်တဲ့အထိ CDM ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

သဘောထားထုတ်ပြန်ချက်အား ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကို ပေးပို့ထားတယ်လို့ သိရပါတယ်။

ဗန်းမော်ခရိုင် မြို့နယ်လေးခုထဲက မိုးမောက်မြို့နယ် သစ်တောဦးစီးဌာန ဝန်ထမ်းတွေကတော့ CDM မှာ မပါဝင်လာသေးဘူးလို့သိရပါတယ်။ CDM သစ်တောဝန်ထမ်းတဦးက "ကျနော်တို့ ဖေဖော်ဝါရီ ၂ ရက်နေ့ကစပြီး CDM လုပ်ကြတာ အဲ့ဒီရက်ကစပြီး အထက်အဆင့်ဆင့်အရာရှိတွေရဲ့ ဖိအားပေးတာကို တောက်လျှောက်ခံရတာတွေရှိတယ်။ လက်ရှိမှာကို ကျနော်အပါအဝင် တော်တော်များများက တစ်နေရာထဲမှာမနေရဘဲ တိမ်းရှောင်နေရတယ်။ အိမ်ပတ်ဝန်းကျင်ကိုတော့ ရဲနဲ့စစ်တပ်က တစ်ချို့လာကြည့်တာတွေရှိနေတုန်းပဲ။ ကျနော်လည်း ဆုံးဖြတ်ပြီးသားပါ အဆုံးထိတိုက်ပွဲဝင်ဖို့ကို။ မတရားတဲ့ အုပ်ချုပ်မှုအောက်မှာ ရှိထားတဲ့ ရာထူးကိုဖက်တွယ်နေရင် ကိုယ်ရော ကိုယ့်မျိုးဆက်ပါ သမိုင်းတရားခံဖြစ်မှာလေ၊ အဲ့လိုဘဝမျိုးတော့အရောက်မခံဘူး။ လိပ်ပြာသန့်စွာ ပြည်သူနဲ့အတူ ရပ်တည်သွားမှာပါ” လို့ ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024