ကရင်ပြည်နယ်၊ ဘားအံမြို့မှာ မနေ့က တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်ဆန္ဒပြစစ်ကြောင်းကို ရဲတပ်ဖွဲ့က အင်အားသုံးပြီး မျက်ရည်ယိုဗုံးနဲ့ ဖြိုခွင်းပစ်ခတ် ဖမ်းဆီးခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၀၀ ခန့် ဖမ်းဆီးခံခဲ့ရတယ်လို့ မတ် ၁ ရက် မနက်ပိုင်းက CDM မှာ ပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းက တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး အထွေထွေသပိတ်ဆန္ဒပြစစ်ကြောင်းကို အမှတ် ၅ ရပ်ကွက်၊ ဉယျာဉ် ၃ လမ်း၊ မြို့မရဲစခန်းရှေ့နဲ့ အမှတ် ၄ ရပ်ကွက်၊ ကမ်းနားလမ်း(ညဈေးအနီး) နေရာတွေမှာ ရဲတပ်ဖွဲ့က အင်းအားသုံးပြီး မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ဖြိုခွင်းတာတွေကြောင့် လူအနည်းဆုံး ၁၀၀ ခန့် ဖမ်းဆီးခံခဲ့ရတာပါ။
CDM မှာပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက “ဆန္ဒပြသပိတ်စစ်ကြောင်းကို အင်အားသုံးပြီး ဖြိုခွင်းတာက အကြမ်းဖက်လုပ်ရပ်ပဲ။ ကျမတို့က ငြိမ်းချမ်းစွာ ဆန္ဒပြနေတာ။ နေရာ ၃ နေရာဆိုတော့ အနည်းဆုံး ၁၀၀ လောက်ရှိမယ် ထင်တယ်။ တိတိကျကျစာရင်းတော့ မသိရသေးဘူး”လို့ ဆိုပါတယ်။
စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ပထမဆုံးအကြိမ် မျက်ရည်ယိုဗုံး ပစ်ခတ် ဖမ်းဆီးခဲ့တဲ့အတွက် တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ၊ ဆရာ ဆရာမတွေ၊ ပအိုးဝ် တိုင်းရင်းသားလူငယ်တွေနဲ့ မြို့ခံပြည်သူတချို့ ဖမ်းဆီးခံရသလို ပြေးလာရင် ပွန်းပဲ့ထိခိုက်ဒဏ်ရာ ရရှိသူ အနည်းငယ် ရှိပါတယ်။
ဖမ်းဆီးခံရတဲ့ ဆန္ဒပြသူတွေကို ပြန်လည်လွတ်မြောက်ရေးအတွက် အခမဲ့ရှေ့နေကွန်ရက်က အမှုလိုက်ပါ ဆောင်ရွက်ပေးနေတာတွေရှိသလို့ အခကြေးငွေရယူပြီး လူတစ်ဦးကို ၂ သိန်းနဲ့ ရှေ့နေလိုက်ပါ ဆောင်ရွက်နေသူတွေရှိတဲ့အတွက် ငွေကြေးရယူတဲ့ရှေ့နေတွေကို မြို့ခံပြည်သူတွေက ဝေဖန်မှုတွေ ရှိနေပါတယ်။
ဆန္ဒပြ သပိတ်စစ်ကြောင်းကို လူစုလူဝေးမဖြစ်အောင် ရဲတပ်ဖွဲ့နဲ့ တပ်မတော်က အင်အားတိုး လုံခြုံရေးရယူပြီး လိုက်လံသတိပေးတာတွေ အင်အားသုံးပြီး ဆန္ဒပြသူတွေကို ဖမ်းဆီးတာတွေရှိပေမဲ့ ဆန္ဒပြစစ်ကြောင်းက ရပ်နားတာမရှိဘဲ အင်အားသိန်းနဲ့ချီပြီး ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။